
တောင်ကိုရီးယားစစ်သားတွေ ဒဏ်ရာရခဲ့တဲ့ စစ်မဲ့နယ်မြေ (DMZ) မိုင်းပေါက်ကွဲမှုဟာ မြောက်ကိုရီးယားမှာ တာဝန်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုတဲ့ စုံစမ်းစစ်ဆေးမှုအတွက် သက်သေအထောက်အထားတွေကို တောင်ကိုရီးယားဘက်က လုပ်ကြံဖန်တီးနေတယ်လို့ မြောက်ကိုရီးယားက စက်တင်ဘာ ၃၀ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
တောင်ကိုရီးယားနဲ့ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေးကို ကြီးကြပ်နေတဲ့ ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့တို့ဟာ စက်တင်ဘာ ၂၁ ရက်က ၄ ကီလိုမီတာ ကျယ်ဝန်းတဲ့ DMZ နယ်မြေအတွင်း ကင်းထောက်နေတုန်း တောင်ကိုရီးယား စစ်သည် ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကို ပူးတွဲ စုံစမ်းစစ်ဆေးနေကြတာပါ။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဂန်ရှင်ချူလ်က ပြီးခဲ့တဲ့အပတ်က ပေါက်ကွဲမှုဟာ မြောက်ကိုရီးယားမိုင်းတွေကြောင့်ဖြစ်ပြီး သင့်လျော်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပြီး မြောက်ကိုရီးယားဟာ နယ်စပ်ခိုင်မာရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် မိုင်းတွေ ထောင်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက KCNA သတင်းဌာနကနေတဆင့် တုံ့ပြန်ပြောကြားရာမှာတော့ ဆယ်စုနှစ်ပေါင်းများစွာ လူသူမနီးစပ်ဘဲ ခြေတောင်မချဘူးတဲ့ နေရာမှာ ပေါက်ကွဲခဲ့တဲ့ မိုင်းအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုပြီး လွယ်လွယ်နဲ့ ကောက်ချက်ချနေတာဟာ မိုက်မဲလွန်းကြောင်းနဲ့ တောင်ကိုရီးယားဘက်က အပြစ်လာပုံချပြီး အထောက်အထားတွေကို လုပ်ကြံဖန်တီးနေတာလို့ စွပ်စွဲခဲ့ပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားတပ်တွေ နယ်စပ်ဖြတ်ကျော်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတိပေး ပစ်ခတ်မှုတွေလုပ်ပြီး တင်းမာမှုတွေကို လှုံ့ဆော်နေတယ်လို့လည်း ကင်မ်ယိုးဂျုံက စွပ်စွဲခဲ့ပါတယ်။
စစ်ဆေးတည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေချိန်အတွင်း မြောက်ကိုရီးယားစစ်သားတွေ နယ်စပ်မျဉ်းကို ခဏတာ ဖြတ်ကျော်သွားခဲ့တဲ့ လက္ခဏာတွေ ရှိခဲ့တယ်လို့ ဆိုးလ်ဘက်ကတော့ အရင်က ပြောထားဖူးပါတယ်။
တောင်ဘက်နယ်စပ်မှာ ခံတပ်တည်ဆောက်ရေး လုပ်နေတဲ့ မြောက်ကိုရီးယားတပ်တွေကိုသာ တောင်ကိုရီးယားဘက်က သတိပေး ပစ်ခတ်တာမျိုးတွေ ဆက်လုပ်လာမယ်ဆိုရင် ချက်ချင်း ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့လည်း ကင်မ်ယိုးဂျုံက ထပ်လောင်း သတိပေးပါတယ်။
Source: Reuters










