DVB Logo
Home
နိုင်ငံတကာ
နောင်တက်မည့် အစ္စရေးဝန်ကြီးချုပ်အဖြစ် စစ်ဦးစီးချုပ်ဟောင်းကို အတိုက်အခံများ ထောက်ခံ
DVB
·
November 5, 2026
Photo: REUTERS/Shir Torem
Photo: REUTERS/Shir Torem
Donate to DVB

အစ္စရေးရဲ့ အဓိက ဂျူးအတိုက်အခံပါတီ ခေါင်းဆောင်တွေဟာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဂါဒီ အိုက်ဆန်ကော့တ်ကို နောက်တက်မဲ့ ဝန်ကြီးချုပ်အဖြစ် ထောက်ခံဖို့ သဘောတူခဲ့ကြပေမဲ့ မဲအများစု ရရှိထားတဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ဖို့အပေါ် သဘောထားကွဲလွဲနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ရွေးကောက်ပွဲပြီးကတည်းက သူတို့ရဲ့ ပထမဆုံးအကြိမ် ပူးတွဲအစည်းအဝေးမှာ အတိုက်အခံခေါင်းဆောင်တွေဟာ ဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုရဲ့ အစိုးရကို အမြန်ဆုံး အစားထိုးဖို့ ကတိပြုခဲ့ကြပြီး အိုက်ဆန်ကော့တ်ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ သမ္မတ အိုက်ဇက် ဟာဇော့ဂ်ဆီ တင်ပြသွားမှာ ဖြစ်ပါတယ်။

အစ္စရေးဥပဒေအရ သမ္မတဟာ အစိုးရသစ်ဖွဲ့စည်းဖို့ လွှတ်တော်အမတ်တယောက်ကို မရွေးချယ်မီ ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေကို ဗုဒ္ဓဟူးနေ့မှာ စတင်တော့မှာပါ။

“ပါတီခေါင်းဆောင်တွေ စည်းလုံးညီညွတ်စွာနဲ့ အောက်တိုဘာ ၇ ရက် အစိုးရကို အမျိုးသားအရေးပေါ်အစိုးရနဲ့ အစားထိုးပြီး လွှတ်တော်ထဲက အများစုရဲ့ ဆန္ဒကို အကောင်အထည်ဖော်သွားမယ်”လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “လွှတ်တော်သစ်ရဲ့ ပထမဆုံးရက်တွေမှာတင် အများစုမဲကို ချက်ချင်း ကျင့်သုံးနိုင်ဖို့ ပါတီခေါင်းဆောင်တွေ အစီအစဉ်နဲ့ လုပ်ဆောင်ချက်တွေကို ညှိနှိုင်းထားပြီးပြီ” လို့လည်း  ပါရှိပါတယ်။ 

အိုက်ဆန်ကော့တ်အုပ်စုထဲက လွှတ်တော်အမတ်တွေဟာ လွှတ်တော်ဥက္ကဋ္ဌကို အစားထိုးဖို့နဲ့ နေတန်ယာဟု လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု ဥပဒေတွေကို ရုပ်သိမ်းဖို့ မကြာသေးခင် ရက်ပိုင်းကပဲ ပြောဆိုထားကြပါတယ်။ 

အမတ် ၁၂၀ ရှိတဲ့ လွှတ်တော်မှာ နေတန်ယာဟု အုပ်စုက ၅၃ နေရာ ရထားပြီး အိုက်ဆန်ကော့တ် အုပ်စုက ၄၈ နေရာပဲ ရထားတာပါ။ 

ဒါပေမဲ့ နေတန်ယာဟု မပါဝင်တဲ့ ဘယ်ပါတီကိုမဆို ထောက်ခံမယ်လို့ ပြောထားတဲ့ အာရပ်ပါတီ ၂ ပါတီက ၁၉ နေရာ ရထားတာကို ပေါင်းလိုက်ရင် အတိုက်အခံဘက်က စုစုပေါင်း ၆၇ နေရာနဲ့ အများစု ရရှိထားပါတယ်။  

ဒီမိုကရက်ပါတီက အတိုက်အခံခေါင်းဆောင် ယာအဲဂိုလန်က အာရပ်ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံပေမဲ့ ကျန်တဲ့သူတွေက ငြင်းဆန်ထားတာကြောင့် အစိုးရသစ်ဖွဲ့ဖို့ ကြိုးပမ်းမှုတွေ ပိုရှုပ်ထွေးနေပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013