DVB Logo
Home
နိုင်ငံတကာ
9/11 အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့ အဖြစ်ဆိုးကို Flydubai ခရီးသည်များက တားဆီးနိုင်ခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ပြော 
DVB
·
October 4, 2026
Photo: REUTERS/Eduardo Munoz
Photo: REUTERS/Eduardo Munoz
Donate to DVB

ဒူဘိုင်းကနေ အစ္စရေးနိုင်ငံဆီ ပျံသန်းလာတဲ့ Flydubai လေယာဉ်ပေါ်မှာ 9/11 အကြမ်းဖက်တိုက်ခိုက်မှုလို ကပ်ဘေးကြီးတခု ဖြစ်မလာအောင် ခရီးသည်တွေရဲ့ ရဲဝံ့တဲ့လုပ်ရပ်နဲ့ တားဆီးနိုင်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က ဒူဘိုင်းကနေ တဲလ်အဗစ်မြို့ကို ပျံသန်းလာတဲ့ Flydubai လေယာဉ် ခရီးစဉ် FZ-1073 ဟာ အစ္စရေးကို ဦးတည်ပျံသန်းနေချိန်မှာပဲ လေယာဉ်မှူးခန်းထဲမှာ အိုမန်နိုင်ငံသား လက်ထောက်လေယာဉ်မှူး ဟမ်မမ် အလ်-ဟမ်မာမီက ကပ္ပတိန်ကို အရေးပေါ်သုံး ပုဆိန်၊ ဓားတို့နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ လက်ထောက်လေယာဉ်မှူးဟာ အစွန်းရောက်အစ္စလာမ္မစ်ဝါဒ သွတ်သွင်းခံထားရပြီး သေကြောင်းကြံစည်လိုသူ ဖြစ်ကာ လေယာဉ်ကို ပျက်ကျအောင် တမင်ကြံစည်ပြီး လေယာဉ်ပေါ် ပါလာသူ ၁၇၄ ယောက်စလုံးနဲ့အတူ ပျက်ကျသေဆုံးအောင် ကြိုးပမ်းခဲ့တာလို့ နေတန်ယာဟုက ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်ခံရလို့ လေယာဉ်ဟာ ဆော်ဒီအာရေဗျနိုင်ငံပေါ် ဖြတ်ပျံနေရင်း စက္ကန့် ၃၀ အတွင်း အမြင့်ပေ ၁၄,၀၀၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရထားတဲ့ အိန္ဒိယ လေယာဉ်မှူး စမိသ်မချ်ချာက လေယာဉ်မှူး အခန်းတံခါးကို ကြိုးစားဖွင့်ပေးနိုင်ခဲ့တာကြောင့် ခရီးသည်တွေနဲ့ လေယာဉ်အဖွဲ့သားတွေ ဝင်ရောက်လာပြီး တိုက်ခိုက်သူကို ဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အရန်လေယာဉ်မှူးအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံ၊ တာဘွတ် လေဆိပ်ကို လေယာဉ်ကို ဘေးကင်းစွာ ဆင်းသက်စေခဲ့ပြီး ဆော်ဒီအာဏာပိုင်တွေက လက်ထောက် လေယာဉ်မှူးကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ ဆေးရုံကုတင်ပေါ်ကနေ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ ဗီဒီယိုကောလ် ပြောဆိုရာမှာ ကပ္ပတိန် မချ်ချာက လေယာဉ်မှူးခန်းတွင်း ကြုံခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြခဲ့ပါတယ်။ မိုဒီကလည်း သူ့ရဲ့ သတိလက်လွတ် မဖြစ်ဘဲ ချက်ချင်းတုံ့ပြန်နိုင်စွမ်းကို ချီးကျူးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘယ်သူတွေ ပါဝင်ပတ်သက်နေလဲ ဆိုတာကို စုံစမ်းနေဆဲဖြစ်ပြီး ပါဝင်ပတ်သက်သူ မှန်သမျှ “ကြီးလေးတဲ့ တန်ဖိုး” ပေးဆပ်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ယူအေအီး ရှေ့နေချုပ်ကလည်း ဒီဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပြီး ယူအေအီးအစိုးရ ပိုင်ဆိုင်တဲ့ လေယာဉ်လိုင်းနဲ့ပတ်သက်လို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။

ဒီဖြစ်စဉ်ကြောင့် Flydubai လေကြောင်းလိုင်းက အစ္စရေးခရီးစဉ်တွေကို ချက်ချင်းရပ်ဆိုင်းခဲ့ပေမဲ့ အစ္စရေးလေကြောင်းလိုင်း အာရ်ကီယာကတော့ ဒူဘိုင်းမှာ ပိတ်မိနေတဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ရေး လေယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့တဲ့အတွက် ခရီးသည်တွေဟာ စနေနေ့မှာ ဘန်ဂူရီယန်လေဆိပ်ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013