
အီရန်ဟာ သူ့ရဲ့သားတယောက်ကို လုပ်ကြံသတ်ဖို့ကြိုးစားခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ ဒီကြံစည်မှုက ဘယ်တုန်းကလဲ၊ ဘယ်သားကို ပစ်မှတ်ထားခံရလဲဆိုတာနဲ့ ဘယ်လောက် အထိ နီးစပ်ခဲ့လဲဆိုတဲ့ အသေးစိပ်ကိုတော့ မပြောပါဘူး။
နေတန်ယာဟုဟာ နိုင်ငံတဝန်း ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်ကို လုံခြုံရေး အေဂျင်စီက အကာအကွယ် မပေးဘို့ ငြင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းကို တုံ့ပြန်ရင်း အစိုးရလိုလားတဲ့ Channel 14 ရုပ်သံလိုင်းနဲ့ တယ်လီဖုန်းအင်တာဗျူးမှာ ပြောသွားခဲ့တာပါ။
"အီရန်ဟာ သူ့သားတယောက်ကို သတ်ပစ်ဖို့ ပစ်မှတ်ထား ကြိုးစားခဲ့တာ"လို့ အခိုင်အမာ ပြောဆိုလိုက်ပြီး လုံခြုံရေးအစောင့်အရှောက်ဆိုတာ အပိုလုပ်ပြီး ပေးထားတာမဟုတ်ဘူးလို့လည်း နေတန်ယာဟုက ဆိုပါတယ်။
နေတန်ယာဟုမှာ ပထမအိမ်ထောင်နဲ့ သမီးအကြီး တယောက်၊ ဒုတိယအိမ်ထောင်နဲ့ သား ၂ ယောက် ရှိပါတယ်။
အီရန်ရဲ့ သတ်ဖို့ ပစ်မှတ်ထားခံရသူဟာ သူ့ရဲ့သားတွေထဲက ဘယ်တယောက်ကို ဆိုလိုမှန်း ချက်ချင်း မသိရသေးဘဲ သားအကြီး ယာအီးရ်ကတော့ မိုင်ယာမီမှာ နေပါတယ်။
နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ပါဘူး။
ဖေဖော်ဝါရီလက စတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲအတွင်း အီရန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်တဲ့ အဓိပတိ အယာတိုလာ အလီခါမေနီ အပါအဝင် အီရန် ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးခဲ့ရအပြီး နှစ်ဖက် တင်းမာနေချိန်မှာ နေတန်ယာဟုရဲ့ စွပ်စွဲချက် ထွက်လာတာပါ။
အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲ မတိုင်မီ ၂ လအလိုလောက်က ပြုလုပ်ခဲ့တဲ့ ဆန္ဒသဘောထား ကောက်ယူမှုတွေမှာ နေတန်ယာဟုရဲ့ မဟာမိတ်အဖွဲ့ဟာ အရေးနိမ့် နောက်ကောက်ကျနေချိန်လည်း ဖြစ်ပါတယ်။
နေတန်ယာဟုက ဘယ်ဝန်ကြီးချုပ်လောင်းကိုမဆို လုံခြုံရေးပေးသင့်ကြောင်း ရှင်းဘက် လုံခြုံရေး အေဂျင်စီ အကြီးအကဲ ဒါးဗစ် ဇီနီကို ပြောထားတယ်လို့လည်း ဆိုပါတယ်။
Source:Reuters











