သံတမန်ရေးအတွက် အချိန်ပိုပေးနိုင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အီရန်အပေါ် တိုက်ခိုက်မှုတွေကို ၂ ရက်ဆက်တိုက် ရပ်ဆိုင်းထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က အတည်ပြုပါတယ်။
အမေရိကန်ဘက်က ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်ဆိုင်းထားရင် သူတို့ဘက်ကလည်း တိုက်ခိုက်မှုတွေ ရပ်ထားမယ်လို့ အီရန်က ထုတ်ပြန်ပါတယ်။
အီရန်မှာ တိုက်ခိုက်စရာပစ်မှတ်တွေ ကုန်သလောက်ဖြစ်နေပြီး လက်နက်ခဲယမ်း လျော့နည်းလာတဲ့အတွက် တိုက်ခိုက်မှုတွေ ရပ်ထားဖို့ ထိပ်တန်းစစ်ဘက်အရာရှိတွေက ထရမ့်ပ်ကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ အီရန်အကြား ပြီးခဲ့တဲ့ ဇွန်လက ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြားသွားပြီးနောက် ၂ ပတ်နီးပါးကြာ နေ့စဉ် အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ အိုမန်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ နည်းပညာဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီပဋိပက္ခနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ လာမဲ့ ဇူလိုင် ၂၈ ရက်မှာ အမေရိကန် အိမ်ဖြူတော်ကို လာရောက်ဖို့ ရှိနေပါတယ်။
အမေရိကန်နဲ့ အီရန်အကြား ၂ ပတ်ကြာ တိုက်ခိုက်မှုတွေ ရပ်နားသွားတာကြောင့် ဇူလိုင် ၂၇ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးဟာ ၄ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားပါတယ်။
ဒါပေမဲ့ ရေကြောင်းသွားလာရေး လုံခြုံမှုအပေါ် စိုးရိမ်နေကြဆဲဖြစ်လို့ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာတဲ့ ကုန်တင်သင်္ဘော အရေအတွက်ကတော့ နည်းပါးနေဆဲ ဖြစ်ပါတယ်။










