
မြန်မာလုပ်သား ကိုအောင်မင်းဦး လုပ်ငန်းခွင်မှာ သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ် ပေါက်ဖို့အတွက် တောင်ကိုရီးယားလူမှုအဖွဲ့အစည်းတွေက လှုပ်ရှားတောင်းဆိုခဲ့လို့ အဆင်ပြေသွားချိန်မှာ ဆိုးလ်မြို့ စစ်အာဏာရှင်သံရုံးက ဖြစ်ရပ်အတွက် ကူညီဆောင်ရွက်ပေးဟန်လုပ်ရပ်တွေကို ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကိုအောင်မင်းဦး သေဆုံးခဲ့ရတဲ့အချိန်ကနေ နှုတ်ဆိတ်နေတဲ့ စစ်အာဏာရှင်သံရုံးက သက်ဆိုင်တဲ့ ကုမ္ပဏီ နဲ့ မိသားစု သဘောတူညီမှုတွေရပြီး ရုပ်အလောင်းပြန်သယ်တော့မယ့်အချိန်ကြမှ ဟန်ပြအမှတ်ဝင်ယူတဲ့ လုပ်ရပ်အပေါ် ကိုရီးယားရောက် မြန်မာတွေကြားမှာလည်း ဝေဖန်နေကြပါတယ်။
ကိုအောင်မင်းဦးနဲ့ အလုပ်တွဲလုပ်ဖူးသူတယောက်က “အရှက်မရှိဘဲ ဝင်ပြီးနှမ်းဖြူးတာ။ အစကတည်းက သူတို့ရဲ့စိတ်ရင်းက မှန်တာမှမဟုတ်တာ” လို့ ပြောပါတယ်။
ကိုအောင်မင်းဦးမှာ အမြန်ရထားလမ်း တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းခွင်လှိုဏ်ခေါင်းထဲမှာ ဇူလိုင် ၁ ရက် ညနေက မြေသယ်စက်နဲ့ညှပ်ပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီလိုသေဆုံးရတာက သတ်မှတ်စည်းကမ်းဖြစ်တဲ့ အစိုးပိုင်စီမံကိန်းကို ဆောင်ရွက်ခွင့်ရှိတဲ့ ကုမ္ပဏီအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်သမားနှစ်ယောက်တွဲ ထားရမယ်ဆိုတာကို ချိုးဖောက်ခဲ့တာကြောင့် အရေးပေါ်အခြေအနေမှာ ကူညီသူရှိမနေခဲ့ဘဲ သေဆုံးရတာဆိုပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရထားတဲ့ Sk Ecoplant ကုမ္ပဏီကို တောင်ကိုရီးယားလူမှုအဖွဲ့တွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို ဆန္ဒပြတောင်းဆိုနေကြချိန်မှာ စစ်အာဏာရှင် သံရုံးက ဖြစ်စဥ်နဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တစုံတရာမပြနိုင်ဘဲ နှုတ်ဆိတ်နေခဲ့ပြီး ဖြစ်စဥ်ဖြစ်ပြီးနောက် နှစ်ပတ်နီးပါးအကြာ သေဆုံးသူရဲ့ဇနီး သက်ဆိုင်တဲ့ ကုမ္ပဏီနဲ့တွေ့ဆုံသဘော တူညီချက်ရရှိပြီးတော့မှ လိုက်ပါကူညီမှုအပြည့်ပေးတဲ့သဘော ရုပ်ပြထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ သေဆုံးသူမိသားစုနဲ့တွေ့ပြီး ကူညီဆောင် ရွက်ပေးနေတယ်ဆိုတဲ့သဘော ပေါ်စေမဲ့ ဓာတ်ပုံတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ ဆုံပြောဆိုနေတဲ့ပုံတွေကို ဝေဝေဆာဆာဖော်ပြထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ ကိုအောင်မင်းဦးက ဇူလိုင် ၁ ရက်မှာ အသက်ဆုံးရူံးခဲ့ရတာကို ဇွန် ၂၉ ရက်ဆိုပြီး ရက်စွဲအမှားရေးထားသလို တာဝန်ရှိ SK Ecoplant ကုမ္ပဏီရဲ့ နာမည်ကို မဖော်ပြဘဲ ရှောင်လွှဲထားပါတယ်။











