DVB Logo
Home
နိုင်ငံတကာ
နီပေါ ရေကြီးမြေပြိုမှု သေဆုံးသူ ၄၇၀ ခန့်ရှိလာ၊ နောက်တကြိမ် ထပ်ဖြစ်နိုင်သဖြင့် ကယ်ဆယ်ရေးသမားများ စိုးရိမ်
DVB
·
August 28, 2026
Photo:Reuters
Photo:Reuters
Donate to DVB

နီပေါနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ တိဘက်နယ်စပ်တွေမှာ  ဩဂုတ် ၂၆ ရက်က ပြင်းထန်တဲ့ ရုတ်တရက် ရေကြီးရေလျှံ၊ မြေပြိုမှုဖြစ်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ရရှိထားတဲ့ သတင်းတွေအရ သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၄၇၀ လောက် အထိရှိလာပြီ ဖြစ်ပါတယ်။

ဟိမဝန္တာတောင်တန်းပေါ်မှာ ရေခဲတောင်ပြိုကျပြီး ရေခဲ၊ ရွှံ့နွံနဲ့ ကျောက်တုံးကြီးတွေ ဒလဟော စီးဆင်းရာကနေ ရုတ်တရက် ရေကြီးမှုကြောင့် နီပေါနိုင်ငံဘက်မှာ သေဆုံးသူ ၄၆၉ ယောက် အထိ မြင့်တက်လာကြောင်း နီပေါရဲတပ်ဖွဲ့က ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ ဒေသတလျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေစဉ် သေဆုံးသူ ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး အချိန်နဲ့အမျှ သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ်ရှိနေပါတယ်။

အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံတို့မှ ခရီးသွားတွေအပါအဝင် လူပေါင်း ၁,၃၀၀ ထက်မနည်းလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

တောင်တက်ခရီးသွားတွေနဲ့ ဘုရားဖူးတွေအကြား ရေပန်းစားတဲ့ တောင်ကုန်းထူထပ်တဲ့ ဒေသမှာ လမ်းမတံတားတွေလည်း ပျက်စီးသွားခဲ့လို့ အတွက် ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေ ပိုမိုခက်ခဲကြန့်ကြာနေပါတယ်။

ရေအားလျှပ်စစ်ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူ ၁၀၀ လောက်ကိုလည်း နီပေါတပ်မတော်က ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်း တိဘက်ဒေသမှာလည်း အနည်းဆုံး  ၃ ယောက် သေဆုံးပြီး ၅၅၀ ထက် မနည်း ပျောက်ဆုံးနေဆဲဖြစ်ကာ ရေကြီးမှုအန္တရာယ်ကြောင့် ဗဟိုချက်ဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို  တရုတ်အာဏာပိုင်တွေက ဆိုင်းငံ့ထားပါတယ်။ 

ဘေးအန္တရာယ်ကျရောက်ရာ ဒေသကို ဒုတိယအကြိမ် ရေကြီးမှု ထပ်မံရိုက်ခတ်နိုင်ကြောင်း သတင်းတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးသမားတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောတယ်လို့  BBC ကမ္ဘာ့ သတင်းမှာ ဖော်ပြပါတယ်။

နီပေါနယ်စပ်အနီး ရေအမှတ်တက်လာပြီး အသစ်ဖြစ်ပေါ်လာတဲ့ ရေကန်ကြီးရဲ့ ကန်ဘောင် ကျိုးပေါက်သွားမှာကို စိုးရိမ်လို့ တရုတ်အာဏာပိုင်တွေက တိဘက်ဒေသအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားတာလို့ ဆိုပါတယ်။

အရှိန်ပြင်းထန်တဲ့ ရေလှိုင်းကြီးတွေဟာ ရေခဲမြစ်ပြိုကျရာမှ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး အဆိုပါ ရေလှိုင်းတွေဟာ နေအိမ်တွေနဲ့ လမ်းမတွေကို တိုက်စားဖျက်ဆီးသွားခဲ့ပြီး နီပေါ-တိဘက် နယ်စပ်ဖြတ်ကျော်ဂိတ် တခုကိုလည်း ပျက်စီးသွားစေခဲ့ပါတယ်။

ခတ္တမန္ဒူနဲ့ တိဘက်က လာဆာကို ဆက်သွယ်ထားတဲ့ ခရီးသွားနဲ့ ဘုရားဖူးတွေ အသုံးများတဲ့ လမ်းကြောင်းတလျှောက်လုံး ရေစီးနဲ့အတူ ပါသွားခဲ့ပြီး ရွာတွေနဲ့ အဓိက အခြေခံ အဆောက်အအုံ တွေ စိစိညက်ညက် ပျက်စီးသွားခဲ့ပါတယ်။

နုဝါကော့ခရိုင် တရီရှူလီဒေသမှာ အဆောက်အအုံတွေ ပြိုကျပြီး ကားတွေပါ ရွှံ့နွံထဲ မြုပ်ကုန်တဲ့ အထိ ထိခိုက်ပျက်စီးမှု အလွန်ကြီးမားခဲ့ပါတယ်။ ရုပ်အလောင်း အများအပြားလည်း မြေပြန့်ဒေသ တွေအထိ မျောပါသွားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စစ်သည်အမြောက်အမြားဟာ လေကြောင်းကရော မြေပြင်ကပါ အသက်ရှင်ကျန်ရစ်သူတွေကို အပူတပြင်း ရှာဖွေပေးနေကြပါတယ်။

တရီရှူလီဘဇားမှာ ယာယီဆေးရုံဖွင့်ပြီး လွတ်မြောက်လာသူတွေကို တပ်မတော်စခန်းတွေဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးနေသလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မြို့တွေဆီ အရေးပေါ် ကူညီထောက်ပံ့ရေးပစ္စည်းတွေ လေကြောင်းကနေ ပစ်ချပေးနေရပါတယ်။

ဒါပေမဲ့ လမ်းအများစုမှာ မြေပြိုတာနဲ့ ရွှံ့နွံတွေ ပိတ်ဆို့နေတာကြောင့် ဝေးလံခေါင်ဖျားဒေသတွေဆီ ကယ်ဆယ်ရေးဝင်ဖို့ လွန်စွာ ခက်ခဲနေပါတယ်။

အစိုးရအနေနဲ့ ဒါကို အမြန်ဆုံး ရှင်းလင်းနိုင်ဖို့ ကြိုးစားနေရသလို နောက်ထပ် စိုးရိမ်စရာ တခု ကတော့ မြစ်ကြောင်းတွေ ပိတ်ဆို့ပြီး ရေကန်တွေ ဖြစ်ပေါ်နေတာကြောင့် နောက်ထပ် ရေကြီးရေလျှံမှုတွေ ထပ်ဖြစ်လာမှာကို နီပေါနဲ့ တရုတ် အာဏာပိုင်တွေက သတိပေးထားပါတယ်။

Source: Reuters/BBC/ The Guardian

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013