
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေအကျဉ်းထောင်မှာ ဧပြီ ၈ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်တွေမြို့ခံတွေဆီက သိရပါတယ်။
ဧပြီ ၈ ရက် နေ့လယ် ၁ နာရီနဲ့ ၁၀ မိနစ်ဝန်းကျင်မှာ စစ်တွေအကျဉ်းထောင်နဲ့ ကွန်ပျူတာတက္ကသိုလ်ကြားမှာ လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေထောင်ဧရိယာတွင်း ကွန်ပျူတာတက္ကသိုလ်နဲ့ ခရစ်ယာန်ဘုရားကျောင်းအနီး ခြံစည်းရိုးအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာ။ အထိအခိုက်တော့ မရှိဘူး။ ဘယ်တပ်ကပစ်တယ် ဆိုတာတော့ ကျနော်တို့ မသိဘူး။ စစ်တွေမြို့ထဲမှာ အခုနှစ်တွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုတွေ မကြာခဏရှိလာတော့ စိုးရိမ်မှုတွေတော့ ရှိကြတယ်။”
လက်ရှိ စစ်တွေထောင်ဝင်းအတွင်း လက်နက်ကြီးကျည်ကျမှုနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်လုံးက ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
မတ် ၇ ရက်ကလည်း စစ်တွေမြို့ ဆေးရုံကြီးနဲ့ ပြည်နယ်ဥပဒေချုပ်ရုံးအနီးမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ စစ်တွေဆေးရုံဝန်းမှာ ဆေးသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်တွေမြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက စစ်တွေမြို့ပေါ်ရပ်ကွက်တွေကိုသာ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး ကမ်းခြေတလျှောက်ကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လာမှာကို စိုးရိမ်ပြီးတော့ ၂၀၂၄ ခုနှစ်ကတည်းက ခြံစည်းရိုးခတ်ထားတာလည်း ဖြစ်ပါတယ်။
အခုရက်ပိုင်း စစ်တွေမြို့နယ်အတွင်းမှာ နှစ်ဖက် စစ်ရေးအခြေအနေတွေ တည်ငြိမ်နေပေမဲ့ စစ်ကောင်စီက စစ်တွေမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော်က ပိတ်ဆို့ထားတာဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ရေး အနည်းငယ် ငြိမ်သက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တွေဘက် စစ်ရေးကတော့ အခုရက်ပိုင်း အနည်းငယ် ငြိမ်သက်မှုရှိနေတယ်လို့ ပြောရမယ်။ အဓိကတော့ ထိုးစစ်တွေမရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်လာရင်တော့ ပြန်ပြီး ချေပတိုက်ခိုက်တာတွေတော့ ရှိတယ်။ စစ်ကောင်စီက စစ်တွေမြို့နယ်နဲ့ အစပ်က ကျေးရွာတွေကို လေကြောင်းကနေ ဂျက်ဖိုက်တာတွေ၊ ဒရုန်းတွေနဲ့ နေ့တိုင်းနီးပါး ရန်လို တိုက်ခိုက်တာတွေ ရှိနေတယ်။”
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ အကြား နှစ်ဖက် စစ်ဆိုင်ထားကြပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
ဧပြီ ၉ ရက်ကလည်း စစ်တွေမြို့ တဖက်ကမ်းရှိ ပေါက်တောမြို့နယ် သဲခုံကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တွေမြို့ကို စစ်ရေးအရ ဖိအားပေး ဝန်းရံထားတာလည်း ဖြစ်ပါတယ်။










