DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များအတွက် ထိုင်းအစိုးရက သက်သေခံကတ်ပြားထုတ်ပေးမှု ဘာအကျိုးရှိမလဲ 
DVB
·
June 10, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး နေထိုင်နေတဲ့ မြန်မာဒုက္ခသည် တွေကို ဇွန် ၁၇ ရက်ကစပြီး သက်သေခံကတ်ပြားထုတ်ပေးမဲ့ အစီအစဉ်တရားဝင်စတင်ပြီလို့ ထိုင်းအစိုးရဲ့ သန်းခေါင်စာရင်း စီမံခန့်ခွဲမှုဗဟိုဌာနက ထုတ်ပြန်လိုက်ပါတယ်။ 

ထိုင်းအစိုးရက ထုတ်ပေးမဲ့ သက်သေခံကတ်ပြားဟာ ထိုင်းနိုင်ငံသားမဟုတ်သူတွေကို ထုတ်ပေးလေ့ ရှိတဲ့ ပန်းရောင်ကတ် အမျိုးအစားဖြစ်ပြီး ကတ်ပြားပေါ်မှာ 000 နဲ့စတင်တဲ့ ၁၃ လုံးပါ သက်သေခံ နံပတ်ရိုက်နှိပ်ထားမှာ ဖြစ်ပါတယ်။

ကတ်ရရှိထားသူတွေအနေနဲ့ မိသားစုအတွင်း မွေးဖွားတာ ဒါမှမဟုတ် သေဆုံးတာတွေ ရှိလာရင် လည်း ထိုင်းအာဏာပိုင်တွေထံ တရားဝင် သတင်းပို့ အကြောင်းကြားခွင့် ရရှိမှာဖြစ်တဲ့အပြင် အရေးကြီးဆုံး အချက်တခုအနေနဲ့ ကတ်ရဲ့နောက်ကျောမှာ QR Code တခု ပါဝင်မှာဖြစ်လို့ ဒီ QR Code ကတဆင့် ကတ်ကိုင်ဆောင်ထားသူဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေ က လုံခြုံရေးအရ ချက်ချင်း စိစစ်အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာဒုက္ခသည်တွေ လုပ်ငန်းခွင်ထဲဝင်တဲ့အခါ လူကုန်ကူးခံရတာမျိုး ဒါမှမဟုတ် မသမာသူ တွေရဲ့ လိမ်လည်လှည့်ဖြား ခေါင်းပုံဖြတ်တာမျိုး မခံရအောင် ဥပဒေကြောင်းအရ ထိရောက်စွာ ကာကွယ်ပေးနိုင်မဲ့ လုံခြုံရေးစနစ်တခုလို့ သိရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိတော့ မယ်ဟောင်ဆောင်နယ်စပ်က မြန်မာဒုက္ခသည်စခန်းတွေဆီကို ဘာအကြောင်းကြားစာမှ မရရှိသေးဘူးလို့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ဥက္ကဋ္ဌ ကိုစိုင်းလုံ က DVB ကို ပြောပါတယ်။

“ကျနော်တို့ စခန်းဒုက္ခသည်ထဲမှာ နေထိုင်နေတဲ့ မိသားစုတွေ အားလုံးယောက်တိုင်းက စခန်းအပြင် ထွက်ဖို့လည်း အခွင့်အရေးမရှိ၊ ထွက်မယ်ဆိုလည်း ကိုယ့်ကံနဲ့ကိုယ်၊ ကိုယ့်ထိုက်နဲ့ကိုယ်ပဲ၊ အဲဒီမှာ ကံကောင်းလို့ရှိရင် အိမ်ပြန်ရောက်တယ်၊ ကံမကောင်းလို့ရှိရင် ဖမ်းခံရတာ။ လွတ်လွတ်လပ်လပ် သွားလို့မရတဲ့အတွက်ကြောင့် အခုက ကျနော်တို့ စခန်း ၉ ခု စခန်းဒုက္ခသည်အနေနဲ့ အဲဒီလို အလုပ်ရှိ မရှိတဲ့ အပေါ်မှာ ရိက္ခာတွေဘာတွေ ပြတ်တောက်ခံရတဲ့ အပေါ်မှာက ထိုင်းကသူတို့ အဲဒီ လမ်းဒီမီးလမ်းကို ဖန်တီးပေးတာ ဖြစ်တာပေါ့။ ဒါပေမဲ့ အသေးစိတ်က ဘယ်လိုမျိုး ပုံစံသွားမလဲ၊ ဒီလိုမျိုးပုံစံ လုပ်မယ်ဆိုတာ အတိအကျတော့ သူတို့လာ ဆွေးနွေးတာ မရှိသေးဘူးပေါ့။”

ထိုင်း-မြန်မာနယ်စပ်က UNHCR အသိအမှတ်ပြု ဒုက္ခသည်စခန်း ၉ ခုမှာ ရှိနေတဲ့ ဒုက္ခသည် သောင်းနဲ့ချီဟာ ၂၀၂၅ ခုနှစ် ဧပြီလကစလို့ နိုင်ငံတကာအလှူရှင်တွေရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု ရပ်ဆိုင်းခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီလို စားဝတ်နေရေး ကျပ်တည်းလာတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ဒုက္ခသည်တွေကို စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က မနှစ်က ဩဂုတ်လထဲ မှာ သဘောတူ ဆုံးဖြတ်ခဲ့တာပါ။

ထိုင်းအစိုးရရဲ့ နယ်စပ်ရေးရာနဲ့ ဒုက္ခသည်များဆိုင်ရာဌာနခွဲ ထုတ်ပြန်ချက်အရဆိုရင် နယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာရှိတဲ့ စစ်ဘေးရှောင် ၇၇,၃၁၃ ယောက်ထဲမှာ အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေသူ ၄၀,၀၀၀ ကျော် ရှိပါတယ်။ 

အဲဒီထဲက အခုလက်ရှိအချိန်အထိ ၃၅၀၀ ကျော်ပဲ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရရှိထားပါတယ်။ အလုပ်အများစုက ကမ္ဘောဒီးယားနယ်စပ်နဲ့ ထိုင်းတောင်ပိုင်းလို ဝေးလံတဲ့ဒေသတွေမှာ ဖြစ်နေတာ ကြောင့် ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ ထဲကအလုပ်လုပ်နိုင်သူ ၇,၀၀၀ ထဲက ၂၀၀ ကျော်သာ လက်ရှိမှာ အလုပ်ရရှိပါသေးတယ်။

အလုပ်ရနေတဲ့ ၂၀၀ ကျော်ထဲမှာလည်း အများစုက လုပ်ခလစာအပြည့်မရကြဘဲ တနေ့လုပ်အားခ ဘတ် ၃၀၀ သာ ရနေတယ်လို့ ဒုက္ခသည်တယောက်က ပြောပြပါတယ်။

“အလုပ်ရှင်တွေက စခန်းထဲထိ အလုပ်လာခေါ်တယ်။ စစခေါ်တုန်းကတော့ နေ့စား ဘတ် ၃၇၀ နဲ့ ၄၀၀ ကြားရမယ်လို့ စာချုပ်မှာပါပေမဲ့ တကယ်အလုပ်ရောက်တော့ အလုပ်မှာကျွမ်းကျင်မှုမရှိဘူး ဆိုပြီး ဘတ် ၃၀၀ လောက်နဲ့ဖြတ်ကြတယ်။ အများစုက မလောက်ကြတော့ ပြန်လာကြတာ များပါတယ်။”

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ယာယီခိုလှုံရာစခန်း ၉ ခုမှာ မြန်မာဒုက္ခသည်တွေကို ၁၉၈၄ ခုနှစ် ကတည်းက ထိုင်းအစိုးရက လက်ခံနေထိုင်ခွင့်ပြုခဲ့ပြီး နှစ် ၄၀ ကျော်ကြာမှ ဒုက္ခသည်တွေဟာ အပြင်ထွက်အလုပ်လုပ်ခွင့်ရကြတာပါ။

လက်ရှိ ထိုင်းအစိုးရက ထုတ်ပေးမဲ့ သက်သေခံကတ်ပြား ရရှိသွားပါက အပြင်ထွက် အလုပ်လုပ်ခွင့် ရနေတဲ့သူတွေဟာ ဘဏ်အကောင့်ဖွင့်တာ ကိုယ်ပိုင် ဖုန်းဆင်းကတ် ဝယ်ခွင့်ရမှာဖြစ်သလို ထိုင်းဥပဒေကြောင်းအရ အကာကွယ်တချို့ကို ခံစားခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။ 

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013