
မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်အတွင်းရှိ မြန်မာဒုက္ခသည်တွေရဲ့ စာရင်းကို ခရိုင်အားလုံးမှာ ကောက်ယူဖို့ ပြည်နယ်အစိုးရက ညွှန်ကြားကြားထားတယ်လို့ မလေးရှား Bernama သတင်းမှာ အောက်တိုဘာ ၂၁ ရက်က ဖော်ပြပါတယ်။
ကလန်တန်ပြည်နယ်အစိုးရဟာ ပြည်နယ်အတွင်းရှိ မြန်မာဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို ဖြေရှင်းနိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ပြည်နယ်တဝန်းမှာရှိတဲ့ မြန်မာဒုက္ခသည် အရေအတွက်နဲ့ သူတို့နေထိုင်တဲ့ နေရာတွေကို စာရင်းကောက်ယူဖို့ ခရိုင်အုပ်ချုပ်ရေးမှူး အားလုံးကို ညွှန်ကြား လိုက်တာပါ။
ကလန်တန်ပြည်နယ် ဒေသဆိုင်ရာအစိုးရ၊ အိမ်ရာ၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဟီလ်မီ အဘဒ်ဒူလာရဲ့ ပြောကြားချက်အရ လက်ရှိအချိန်အထိ တာနားမဲရား ခရိုင်တခုတည်းကပဲ စာရင်းပေးပို့ထားသေးတယ်လို့ သိရပါတယ်။
အဆိုပါခရိုင်ရှိ ကမ်ပုန်း ပဒန်းဂူချေလ်ကျေးရွာရှိ ၅ ဧကနီးပါး ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ ကွမ်းရွက်စိုက်ပျိုးနေကြတဲ့ မြန်မာမိသားစု ၈၀ လောက် (လူဦးရေ ၃၀၀ ကျော်) ရှိကြောင်း မှတ်တမ်းတင်ထားပါတယ်။
ဒါ့အပြင် မြန်မာဒုက္ခသည်တွေ အခြေချနေထိုင်မှု သတင်းအချက်အလက်တွေ ရရှိဖို့အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း မိမိတို့ရွာအလိုက် သန်းခေါင်စာရင်း ကောက်ယူရာမှာ ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ သူက ဆိုပါတယ်။
ကော်မတီဥက္ကဋ္ဌ ဟီလ်မီက "ဒီလို စာရင်းကောက်ယူတာဟာ ကလန်တန်ပြည်နယ်တဝန်းမှာ ရှိနေတဲ့ မြန်မာရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်ဖို့နဲ့ သူတို့အခြေချနေထိုင်တဲ့ နေရာတွေကို စိစစ်ဖော်ထုတ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရအတွက် အလွန်အရေးပါပါတယ်"လို့ အမှုဆောင်ကောင်စီ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဟီလ်မီက ပြောကြားရာမှာ "အစိုးရမြေကို ကျူးကျော်တာ ဒါမှမဟုတ် မြေယာအသုံးပြုမှု စည်းကမ်းဖောက်ဖျက်တာတွေ ရှိရင် သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မြန်မာဒုက္ခသည်တွေအရေး ကိုင်တွယ်ဖြေရှင်းရာမှာ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်အကန့်အသတ် ရှိတာကြောင့် ဒီမြန်မာဒုက္ခသည်ပြဿနာကို ပြည်နယ်အစိုးရ တခုတည်းပေါ်မှာပဲ ပစ်ပုံမထားကြဖို့လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာဒုက္ခသည်တွေ အခြေချနေထိုင်မှုကို နေရာတခုတည်းမှာ စုပြုံမနေစေချင်ကြောင်း၊ ဒီလို သီးသန့်နယ်မြေလို ဖြစ်သွားရင် နောင်အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာနိုင်ခြေရှိ တယ်လို့လည်း ဟီလ်မီက ဖြည့်စွက်ပြောပါတယ်။
Source: Bernama











