
မလေးရှားက ပြန်ပို့ခံလိုက်ရတဲ့ ၁၁/မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ရခိုင်တိုင်းရင်းသား ၄၀၀ ကျော်ကို ၂ ပတ်ကျော်ကြာလာတဲ့အထိ စစ်အာဏာရှင်တပ်က ပြန်မလွှတ်ပေးဘဲ ဆက်လက်ထိန်းသိမ်းထားတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ နေရပ်ပြန်ပို့ပေးမဲ့ အစီအစဉ်ကြောင့် မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ယောက်ဟာ စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခံရပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ပြန်ရောက်လာတာပါ။
ဒါပေမဲ့ အောက်တိုဘာ ၂၀ ရက်နေ့အထိ “၁၁ မျဉ်းစောင်း” ကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုး ၄၀၀ ကျော်ကတော့ ပြန်လွတ်မြောက်လာတာ မရှိသေးဘဲ ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဒါ့အပြင် “၁၁ မျဉ်းစောင်း” ကိုင်ဆောင်ထားသူတွေကို ရန်ကုန်မြို့ သန်လျင်မြို့နယ် ဘုန်းကြီးကျောင်းနဲ့ လှိုင်သာယာမြို့နယ်တွေမှာ ယာယီထားရှိထားပြီး စစ်အာဏာရှင်တပ်က အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ထိန်းသိမ်းခံထားရသူတွေနဲ့ မိသားစုဝင်တွေကတော့ အမြန်ဆုံးအိမ်ပြန်ရောက်နိုင်ဖို့ဘဲ တောင်းဆိုမျှော်လင့်နေကြပါတယ်။
မိသားစုဝင်တယောက်က “အလုပ်လုပ်ရမယ်လို့ ပြောတယ်၊ အလုပ်မလုပ်လို့ မရဘူးတဲ့၊ နင်တို့ မလေးရှားမှာ သွားတာ အလုပ်လုပ်ဖို့ သွားတာ မဟုတ်ဘူးလား၊ နင်တို့ကို သွားခေါ်တာ အလကားခေါ်တာ မဟုတ်ဘူး၊ အဲဒီလို ပြောတယ်တဲ့။ မြန်မာပြည်ပြန်ရောက်ရင် ပြန်ရတော့မယ်လို့ ထင်တာ၊ ပြန်ရောက်တဲ့အခါကျတော့လည်း အိမ်ကိုလည်း ပြန်ခွင့်မရှိသေးဘူးဆိုတော့ သူတို့က ပြန်ချင်ပြီ၊ ပြန်ရမဲ့ရက်တွေလည်း သူတို့မပြောဘူးတဲ့။ သူတို့ကတော့ စက်ရုံတွေမှာ သွင်းဖို့ပြောတယ်၊ တောင်းဆိုချင်တာကတော့ သူတို့လည်း မလေးရှားမှာ ဒုက္ခမျိုးစုံလည်း ရောက်ပြီးပြီ၊ Camp ထဲမှာပေါ့နော်။ မြန်မာပြည်မှာ ပြန်ရောက်တော့ ကိုယ့်အိမ်ကို အမြန်ပြန်ပြီးတော့ လွတ်စေချင်တာပေါ့နော်၊ ကလေးတွေလည်း တအားပြန်ချင်နေပြီ၊ ဘုန်းကြီးကျောင်းမှာလည်း မနေချင်တော့ဘူးလေ၊ မိသားစုတွေကိုလည်း လွမ်းလာပြီဆိုတော့ ပြန်ချင်ပြီ။ ဆေးစစ်တာတွေရော၊ ကျန်းမာရေးတွေ စစ်ပေးတာတွေ အကုန်လုံး ပြီးပြီဆိုလို့ရှိရင်တော့ ကျမကတော့နော် အမြန်ဆုံး သူတို့နေရာတွေ၊ သူတို့ အိမ်တွေ မိဘတွေဆီကို ပြန်ပို့စေချင်တာ အဲဒါပါပဲ” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်နေ့ကတော့ စစ်အာဏာရှင်တပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လ၀က) က မှတ်ပုံတင်နဲ့ စမတ်ကတ်တွေ ပြုလုပ်ပေးခဲ့တဲ့အပြင် ကျန်းမာရေးစစ်ဆေးကာ အလုပ်အကိုင်ရှာဖွေပေးမယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ ထိန်းသိမ်းခံထားရသူတွေကတော့ အမြန်ဆုံး နေရပ်ပြန်ခွင့်ရဖို့ တောင်းဆိုနေကြပြီး စစ်မှုထမ်း ပါသွားမှာကို စိုးရိမ်နေကြပါတယ်။
နေရပ်ပြန်ပို့ပေးမယ်ဆိုထားပေမဲ့ သီတင်း ၂ ပတ်ကျော်ကြာမြင့်လာတဲ့အချိန်အထိ ပြန်မလွှတ်သေးဘဲ ဆက်လက်ထိန်းသိမ်းထားတဲ့အတွက် စစ်မှုထမ်းခေါ်ဆောင်သွားမှာကို စိုးရိမ်မိတယ်လို့ မလေးရှားဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ကိုမင်းထိုက်က ပြောပါတယ်။
“သူတို့ လုပ်ရပ်တွေက အကုန်လုံး တပြည်လုံး မြင်တွေ့နေတာပဲလေနော်။ တကမ္ဘာလုံးနီးပါး သိနေကြတာပဲ။ အဲဒီအခါကျတော့ ဘယ်လိုပြောရမလဲ စိတ်မကောင်းဘူးပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်ထဲမှာ လူငယ်တွေက အကုန်လုံး နိုင်ငံခြားတွေကို ထွက်လာနေကြပြီလေ။ တချို့ မြို့၊ ရွာတွေမှာ ဆိုလို့ရှိရင် လူငယ် လုံးဝ ကင်းစင်သွားပြီ၊ မရှိတော့တဲ့ အနေအထားတွေ အများကြီး ရှိတယ်။ လူငယ်တွေ ရှားပါးသွားပြီလေနော်။ အဲဒါကြောင့်မို့လို့ ဒီလိုမျိုး plan ဆွဲထားသလားလို့တောင် ကျနော်က ထင်မိတယ်။ သူတို့က လုံးဝ အိမ်ပြန်လမ်း မရှိတော့တဲ့ အနေအထား။ ရခိုင်ပြည်နယ်တွေကိုပဲ သူတို့ ဖယ်ရှားထားတယ်ဆိုတော့ ဒါ ရခိုင်လူမျိုးအပေါ်မှာ မတရား တအားဖိနှိပ်တဲ့ပုံစံ ဖြစ်နေတယ်။ သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ဒီ ၁၁ မျဉ်းစောင်းကိုပဲ ပစ်မှတ်တခုအနေနဲ့ မတရားဘူးပေါ့။”
မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတဲ့ ၁၀,၃၈၈ ယောက်အထဲက မြန်မာနိုင်ငံသား ၅,၀၀၀ လောက်ကို အသုတ်လိုက် ပြန်ပို့နိုင်ဖို့ ဆက်လက်စီစဉ်နေတယ်လို့လည်း သိရပါတယ်။
မလေးရှားအစိုးရကတော့ ဒီအစီအစဉ်ကို “ဆန္ဒအလျောက် နေရပ်ပြန်ပို့ခြင်း” လို့ ဆိုထားပေမဲ့ UNHCR အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခအခြေအနေတွေကြောင့် ပြန်လည်ရောက်ရှိလာသူတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါကြောင့် လက်ရှိမှာလည်း နောက်ထပ်ပြန်ပို့မဲ့ အစီအစဉ်တွေကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မလေးရှားအစိုးရကို တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။











