DVB Logo
Home
Lead Story
မြန်မာဒုက္ခသည်တွေအတွက် ခြိမ်းခြောက်မှုအသစ်ဖြစ်လာတဲ့ ထိုင်းနိုင်ငံရဲ့ နေရပ်ပြန်ပို့ရေး ဥပဒေသစ်
DVB
·
October 20, 2026
မြန်မာဒုက္ခသည်တွေအတွက် ခြိမ်းခြောက်မှုအသစ်ဖြစ်လာတဲ့ ထိုင်းနိုင်ငံရဲ့ နေရပ်ပြန်ပို့ရေး ဥပဒေသစ်
Donate to DVB

၂၀၂၆ ခုနှစ် ဧပြီလမှာ အသက် ၂၃ နှစ်အရွယ် နွေဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အမှောင်ထုကို ကြောက်လန့်လာခဲ့ပါတယ်။ ညဘက်ဆို သူ အိပ်မပျော်တော့ပါဘူး။ မိခင်ဖြစ်သူနဲ့ အတူနေတဲ့ သူတို့ အိမ်ရှေ့ကနေ ကားအင်ဂျင်သံ ကြားလိုက်တာနဲ့ သူ လန့်လန့်နိုးလာတတ်ပါတယ်။ အိပ်နေရင်းနဲ့များ လာဖမ်းခေါ်သွားမလား ဆိုပြီး စိုးရိမ်နေခဲ့ရတာပါ။

ဒီလိုကြောက်နေတာဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ၄ နှစ်တာ ကာလကို ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတယောက်ပါ။ ပြီးခဲ့တဲ့ ဧပြီလကမှ ထောင်ကနေ လွတ်လာတာပါ။ ဒါကြောင့် ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်အတွက် အတင်းအကျပ် စစ်သားစုဆောင်းဖို့ သူဟာ အဓိက ပစ်မှတ်တခု ဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့ စစ်တပ်ဟာ အင်အားချည့်နဲ့လာတာကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး လူငယ် ၃၀,၀၀၀ ကျော်ကို စစ်ထဲ အတင်းအကျပ် သွတ်သွင်းခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ လူငယ်တွေကို လမ်းမတွေပေါ်၊ လုပ်ငန်းခွင်တွေနဲ့ အိမ်တွေကနေ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကို ရှေ့တန်းစစ်မျက်နှာတွေဆီ ပို့ပြီး “အသေခံတပ်သားတွေ၊ လူသားဒိုင်းတွေ” အဖြစ် အသုံးပြုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နွေ ကလည်း သူ့ရဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူဟာ ၂၀၂၄ ခုနှစ်က ရန်ကုန်မြစ်ကမ်းဘေးမှာ သူငယ်ချင်းတွေနဲ့ အရက်သောက်နေတုန်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ ဒီနှစ်အစောပိုင်းမှာ သူအိမ်ပြန်ရောက်လာတော့ "သူကလွဲရင် ကျန်တဲ့သူအားလုံး သေကုန်ပြီ။ သူတယောက်တည်း ကံကောင်းလို့ အသက်ရှင်ကျန်ရစ်ခဲ့တာ" လို့ ပြောပြခဲ့ကြောင်း ဆိုပါတယ်။

အရင်က နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ဖူးတဲ့ နွေ ဟာ ထောင်ကလွတ်လာတော့ ရဲတွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရပါတယ်။ ရဲတွေက သူ့အိမ်ရှေ့မှာ လာထိုင်နေတတ်သလို၊ သူ့အမေဆီကိုလည်း အပတ်စဉ်လာပြီး "ပိုက်ဆံမပေးရင် သမီးဖြစ်သူ စာရင်းထဲ ပါသွားလိမ့်မယ်" လို့ လာပြောတတ်ပါတယ်။ သမီးဖြစ်သူရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့ မိခင်ဟာ အာဏာပိုင်တွေကို ပိုက်ဆံပေးပြီး သူကို ထိုင်းနိုင်ငံကို လေယာဉ်နဲ့ ဘေးကင်းကင်း ထွက်ပြေးနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ နွေ တယောက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကို ရောက်တဲ့အခါ၊ သူ့လိုပဲ စစ်တပ်က ဖမ်းဆီးမှာစိုးလို့ ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သွားရောက် ပူးပေါင်းခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက နွေ လို လူငယ်ဒုက္ခသည် ထောင်ပေါင်းများစွာဟာ အရင်တုန်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့သူတွေလိုပဲ ထိုင်းနိုင်ငံမှာ ဘဝသစ်ကို ပြန်စတင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ထိုင်းရဲတွေရဲ့ နှောင့်ယှက်ဖမ်းဆီးမှုတွေနဲ့ ဩဂုတ်လက အတည်ပြုလိုက်တဲ့ နေရပ်ပြန်ပို့ရေး ဥပဒေသစ်တွေက သူတို့ရဲ့ လုံခြုံရေးကို ဆက်ပြီး ခြိမ်းခြောက်နေပါတယ်။ ဒီဥပဒေသစ်ဟာ "ခိုင်မာတဲ့ လမ်းညွှန်ချက်တွေ မရှိသေးတဲ့ အချိန်မှာ၊ နေရပ်ပြန်ပို့ရေး ကိစ္စတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့" ရည်ရွယ်ချက်နဲ့ ရေးဆွဲထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အဆိုအရ ဒီဥပဒေသစ်ဟာ ထိုင်းနိုင်ငံရောက် ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်လာနေပါပြီ။

နွေဟာ ထိုင်းမြောက်ပိုင်းကို ရောက်တဲ့အခါ တက္ကသိုလ်တုန်းက ခင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ၊ ဓာတ်ပုံသတင်းထောက်တယောက်ဖြစ်တဲ့ ဖိုးသားနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံး ရန်ကုန် အင်းစိန်ထောင်ထဲက သီးခြားအဆောင်တွေမှာ နှစ်နဲ့ချီပြီး အကျဉ်းကျခံခဲ့ရသူတွေပါ။ ပြည်ပရောက်မှ ပြန်ဆုံဖြစ်ကြတာပါ။ ဖိုးသားကတော့ မြန်မာနိုင်ငံသားတွေ တရားဝင် နေထိုင်ခွင့်ရဖို့ အလွယ်ကူဆုံးနည်းလမ်း ဖြစ်တဲ့ "ပန်းရောင်ကတ်" လို့ခေါ်တဲ့ ရွှေ့ပြောင်းအလုပ်သမားကတ်ကို ရထားပြီးပါပြီ။ နွေ ကတော့ အခုမှ ကတ်ရဖို့ လုပ်နေဆဲပါ။

နွေ အတွက်ကတော့ သူ့ကို အမှုဖွင့်ထားတာတွေ ရှိနေသေးတဲ့အတွက် အဖမ်းခံရပြီး စစ်ထဲ အတင်းသွတ်သွင်းခံရမှာ သေချာနေပါတယ်။ ဖိုးသားကလည်း အရင်က အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ၄ ကြိမ်တောင် ခံခဲ့ရဖူးတဲ့အတွက် ပြန်သွားရင် အသတ်ခံရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ မြို့စွန်က မြန်မာစားသောက်ဆိုင် တဆိုင်ရှေ့မှာ ထိုင်နေရင်း သူက ပြီးခဲ့တဲ့အကြိမ် အဖမ်းခံရတုန်းက ရခဲ့တဲ့ ပခုံးက ဒဏ်ရာကို လှုပ်ပြပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ ဖိုးသားထောင်ကလွတ်လာတော့ သူ စစ်မှုထမ်းစာရင်းထဲ ပါနေပြီဆိုတာကို သိလိုက်ပါတယ်။ ဒါကြောင့် ၅ ရက်အတွင်း ရန်ကုန်ကနေ ကရင်ပြည်နယ်ကို ထွက်ပြေးခဲ့ပါတယ်။ အဲဒီကနေတဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲက သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ နယ်စပ်ကို ဖြတ်ကျော်ခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲ ရောက်ရောက်ချင်း ဖိုးသားက ချင်းမိုင်ကို တန်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ အထောက်အထားမရှိဘဲ နေရင် အရမ်းအန္တရာယ်များမယ်လို့ သူက ယူဆလို့ပါ။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၄ သန်းနီးပါးထဲက တဝက်လောက်ဟာ တရားဝင် အထောက်အထား မရှိကြပါဘူး။ သူတို့ဟာ ထိုင်းအာဏာပိုင်တွေရဲ့ နှောင့်ယှက်တာ၊ ငွေညှစ်တာနဲ့ နေရပ်ပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေကို အမြဲခံနေကြရပါတယ်။ ၂၀၂၅ ခုနှစ်မှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မဲဆောက်မှာ ရဲတွေကို လာဘ်ပေးရတာ အရမ်းများလွန်းလို့ မြန်မာနိုင်ငံသားတွေကို “လမ်းလျှောက်နေတဲ့ ATM စက်တွေ” လို့တောင် ခေါ်နေကြပြီလို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ လူငယ်ဒုက္ခသည်တချို့ကို The Diplomat သတင်းဌာနက အင်တာဗျူးခဲ့ရာမှာ၊ အာဏာပိုင်တွေကို ကြောက်ရတာနဲ့ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေရတာတွေဟာ သူတို့ဘဝကို ကြီးစိုးနေတယ်လို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် မြန်မာဒုက္ခသည် အောင်က သူဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ဖြစ်တဲ့အတွက် အထည်ချုပ်စက်ရုံ တရုံမှာ အလုပ်ဝင်လုပ်နေရတယ်လို့ ဆိုပါတယ်။ တရက်ကို လုပ်အားခ ဘတ် ၁၅၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၀ လောက်) ပဲ ရပြီး အဲဒါဟာ အနိမ့်ဆုံးလုပ်အားခထက် နည်းနေပါတယ်။ တလကိုလည်း တရက်ပဲ ခွင့်ရပါတယ်။ အရမ်းပင်ပန်းပေမဲ့ ဒီလိုအလုပ်ခွင်ထဲမှာ နေရတာက ရဲတွေရန်ကနေ ကင်းဝေးစေတဲ့အတွက် သူက ကျေးဇူးတင်နေပါတယ်။ 

“ထိုင်းရဲတွေကို အမြဲကြောက်နေရတော့ မြို့ထဲကို သိပ်မထွက်ဖြစ်ဘူး။ စက်ရုံထဲမှာပဲ အမြဲနေဖြစ်တယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်ပကို ထွက်ပြေးသွားတဲ့ လူငယ်တွေရဲ့ မိဘတွေဟာ ကျန်ခဲ့တဲ့ သားသမီးတွေ စစ်ထဲမပါအောင် အာဏာပိုင်တွေကို လာဘ်ငွေတွေ ဆက်ပေးနေရပါတယ်။ အောင် ကလည်း သူ့အမေဟာ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ သူ့အတွက် ပိုက်ဆံပေးနေရတုန်းပဲလို့ ပြောပါတယ်။ 

“ကျနော်သာ မြန်မာပြည်ကို ပြန်ပို့ခံရရင် ရှေ့တန်းကို အပို့ခံရမှာပဲ။ အိမ်ပြန်ခွင့်ရတော့မှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။ 

“မဲဆောက်မှာ အခက်အခဲတွေ တွေ့ရတိုင်း အိမ်ကို သတိရတယ်။ ပြန်ချင်ပေမဲ့လည်း မဖြစ်နိုင်တော့ဘူး။”

အသက် ၃၅ နှစ်အရွယ် တေးဂီတထုတ်လုပ်သူကျော် ကလည်း မကြာသေးခင်ကမှ ရင်သားကင်ဆာကနေ သက်သာလာတဲ့ သူ့အမေဟာ ပြည်ပကို ရောက်နေတဲ့ သားသမီး ၃ ယောက်အတွက် လစဉ် လာဘ်ငွေတွေ ပေးနေရတယ်လို့ ပြောပါတယ်။ သူလည်း မဲဆောက်မှာ အထောက်အထားကတ်ရဖို့ စောင့်နေတုန်းပါ။ ပြန်ပို့ခံရရင် သူတို့အခေါ် “အသေခံတပ်” ထဲ အတင်းအသွင်းခံရပြီး ရှေ့တန်းအပို့ခံရမယ် ဆိုတာကို သူလည်း သိနေပါတယ်။ အလုပ်နားချိန်မှာ ဆေးလိပ်သောက်ရင်း လုပ်ဖော်ကိုင်ဖက် လူငယ်လေးတွေ စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာကို မျက်မြင်တွေ့ပြီးနောက်မှာတော့ သူ ရန်ကုန်ကနေ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အကြောင်းမဲ့ အဖမ်းခံရပြီး စစ်ထဲဝင်ရမယ်လို့ ခြိမ်းခြောက်ခံရတာကြောင့် လာဘ်ငွေ ကျပ်သိန်း ၁၄၀ (ဒေါ်လာ ၆,၆၀၀ ကျော်) ပေးခဲ့ရပြီးနောက်၊ ကျော်ဟာ နယ်စပ်ကို ရက်အတော်ကြာ ထွက်ပြေးလာခဲ့ပါတယ်။ 

“ဒီစစ်က ပြည်တွင်းစစ် သက်သက်ပဲမို့ ကျနော် စစ်ထဲမဝင်ချင်ဘူး” လို့ သူက ပြောပါတယ်။ “ထိုင်းကို ရောက်လာတော့ ဘဝကို သုညကနေ ပြန်စရတယ်။ စားစရာမရှိရင်လည်း ဂရုမစိုက်ဘူး။ တော်လှန်ရေးအတွက် သီချင်းပဲ ဆိုနေတော့မယ်။”

အဲလ်ဆာဟာလည်း ၂၀၂၃ ခုနှစ်က မိသားစုနဲ့အတူ မဲဆောက်ကို ထွက်ပြေးလာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ရောက်မှ သူတို့မိသားစု ရွှေ့ပြောင်းအလုပ်သမားကတ် ရခဲ့တယ်လို့ သူက ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလနဲ့ ဩဂုတ်လကြားမှာ အာဏာပိုင်တွေရဲ့ ကင်းလှည့်တာတွေ၊ ဖမ်းဆီးတာတွေ များလာလို့ သူတို့မိသားစု အိမ်ထဲကနေ လေးလလောက် အပြင်မထွက်ရဲခဲ့ဘူးလို့ ဆိုပါတယ်။ 

အခုတော့ ရုံးတရုံးမှာ အလုပ်ရနေပြီ ဖြစ်ပေမဲ့ "ဘဝကတော့ ခက်ခဲနေဆဲပါပဲ" လို့ သူက ညည်းတွားပါတယ်။

ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေက မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုပါဘူး။ ထိုင်းနိုင်ငံကလည်း ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတာ မရှိပါဘူး။ ဒါကြောင့် နေထိုင်ခွင့်ရဖို့ နည်းလမ်းက အကန့်အသတ်ဖြစ်နေပါတယ်။ ဒုက္ခသည်တွေဟာ အလုပ်သမားကတ် လျှောက်ဖို့ ပွဲစားတွေကိုပဲ အားကိုးနေရပါတယ်။ HRW ရဲ့ အစီရင်ခံစာအရ အင်တာဗျူးဖြေဆိုသူတွေဟာ ပွဲစားတွေကို ပေးရတဲ့ ပိုက်ဆံတွေက ဘယ်နေရာတွေမှာ သုံးသလဲဆိုတာ သေချာမသိကြဘူးလို့ ဆိုပါတယ်။

ဩဂုတ်လနှောင်းပိုင်းမှာ ထိုင်းအစိုးရက “မလိုလားအပ်တဲ့” နိုင်ငံခြားသားတွေကို အမြန်ဆုံး နေရပ်ပြန်ပို့နိုင်မဲ့ ဥပဒေသစ်တွေကို အတည်ပြုခဲ့ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေကတော့ ဒီဥပဒေမှာ ဒုက္ခသည်တွေကို နေရပ်မပြန်ပို့ဖို့ ကာကွယ်ပေးတဲ့ အချက်တွေ ပါဝင်ဖို့ တောင်းဆိုနေကြပါတယ်။ လက်ရှိဥပဒေမှာ နေရပ်ပြန်ပို့တဲ့အခါ ထိုင်းနိုင်ငံရဲ့ “သက်ဆိုင်ရာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေ” ကို ထည့်သွင်းစဉ်းစားရမယ်လို့ ပါရှိပါတယ်။ နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့ သို့မဟုတ် အန္တရာယ်ရှိနိုင်တဲ့ နိုင်ငံတွေဆီ ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ရေး မူဝါဒကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။ ဒီဥပဒေသစ်နဲ့ နိုင်ငံခြားသား ၂ ဦးကို နေရပ်ပြန်ပို့ပြီးပါပြီ။

Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ သနီဒါ ပီယာချော့က “သေချာစိစစ်တာမျိုးမရှိဘဲ လူတွေရဲ့ အခွင့်အရေးကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့ ဥပဒေတွေကို ထိုင်းအစိုးရက ပြဋ္ဌာန်းလိုက်တာဟာ အရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။ အခုလို မြန်မြန်ဆန်ဆန် နေရပ်ပြန်ပို့မဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်လာတဲ့အခါ၊ ကာကွယ်ပေးမဲ့ တိကျတဲ့ စံနှုန်းတွေ မရှိဘဲ လက်တွေ့မှာ ဘယ်လို ဆုံးဖြတ်ကြမလဲ ဆိုတာက ကြီးမားတဲ့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

Asylum Access Thailand အဖွဲ့ရဲ့ မူဝါဒ၊ စည်းရုံးလှုံ့ဆော်ရေးနဲ့ ဆက်သွယ်ရေး ညှိနှိုင်းရေးမှူး တန်ယာကွန်း သစ်ပယာပိုကင်ကလည်း ဒီဥပဒေဟာ မြန်မာနိုင်ငံသားတွေကို ငွေညှစ်ဖို့၊ နှောင့်ယှက်ဖို့နဲ့ နေရပ်ပြန်ပို့ဖို့ အသုံးပြုလာနိုင်ခြေ အရမ်းများတယ်လို့ ဆိုပါတယ်။ 

ဒီဥပဒေကို “နိုင်ငံတွင်း တရားမဝင် နေထိုင်သူ မည်သူ့ကိုမဆို ပစ်မှတ်ထားနိုင်အောင် အရမ်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားလို့ပါပဲ” လို့ သူက ထောက်ပြပါတယ်။

Fortify Rights နဲ့ Asylum Access တို့ ပါဝင်တဲ့ ဒုက္ခသည်နဲ့ နိုင်ငံမဲ့သူများ အခွင့်အရေး ပူးပေါင်းအဖွဲ့ကတော့ ဒုက္ခသည်တွေကို အတင်းအကျပ် နေရပ်ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အစိုးရအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ ဒီဥပဒေတွေကို အမြန်ဆုံး ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် အန္တရာယ်ရှိတဲ့ နေရာကို ပြန်မပို့ရေး မူဝါဒနဲ့ ကိုက်ညီတဲ့ စံလုပ်ငန်းလမ်းညွှန် (SOP) တခုကိုလည်း ချမှတ်ဖို့ တိုက်တွန်းထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားကတ် လျှောက်ထားဆဲဖြစ်တဲ့ အထောက်အထားမဲ့ ဒုက္ခသည်တွေ အတွက်ကတော့ ဒီဥပဒေဟာ သူတို့ကို မြန်မာပြည်ပြန်ပို့ခံရပြီး စစ်ထဲ အတင်းသွင်းခံရမဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုတိုးလာစေပါတယ်။ 

The Diplomat က အင်တာဗျူးခဲ့သူတိုင်းက သူတို့သာ နေရပ်ပြန်ပို့ခံရရင် ဆန္ဒမပါဘဲ စစ်ထဲအသွင်းခံရပြီး ရှေ့တန်းမှာ သေရလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အဆိုအရတော့ ဒီအန္တရာယ်ကို ဥပဒေသစ်မှာ ထည့်သွင်းစဉ်းစားထားပုံ မရဘူးလို့ ဆိုပါတယ်။

ဥပဒေသစ်ဟာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုံခြုံရေးကို ထိခိုက်နေပြီလို့ ပီယာချော့က ပြောပါတယ်။ 

“ဒါဟာ ဒုက္ခသည် အသိုက်အဝန်းကြားမှာ အကြောက်တရားတွေ ဖြစ်စေပါတယ်။ အာဏာပိုင်တွေက ဒီဥပဒေကိုသုံးပြီး သူတို့ကို ခြိမ်းခြောက်လာနိုင်သလို၊ အဂတိလိုက်စားမှုတွေ၊ ငွေညှစ်မှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကျမ ယုံကြည်ပါတယ်။”

တချိန်တည်းမှာပဲ နွေ တယောက် ဖိုးသားနဲ့အတူ ချင်းမိုင်မှာ ဘဝသစ်စဖို့ ကြိုးစားနေပါတယ်။ ထိုင်းကို ရောက်နေပြီဖြစ်ပေမဲ့ သူက “အများကြီး မမျှော်လင့်ပါဘူး။ ကျမရဲ့ ကလေးဘဝ အမှတ်တရတွေ ရှိတဲ့ နိုင်ငံကို တကယ်ပြန်ချင်ပေမဲ့၊ အဲဒါက မဖြစ်နိုင်တော့ဘူးလေ” လို့ ပြောပါတယ်။

အဲဒီအစား သူက ရိုးရိုးရှင်းရှင်း ဘဝလေးကိုပဲ လိုချင်တယ်လို့ ဆိုပါတယ်။ “ရန်ကုန်မှာတုန်းကလို ညဘက်ဆို ဘာတွေများ ဖြစ်မလဲလို့ ထပ်ပြီး မစိုးရိမ်ချင်တော့ဘူး” လို့ နွေ က ပြောပါတယ်။ 

“ကျမ ဘာပူပန်  ကြောင့်ကြမှုမရှိဘဲ အိပ်ရာဝင်ချင်ပါတော့တယ်။”

(ဖြေဆိုသူများ၏ လုံခြုံရေးအတွက် နာမည်အချို့ကို ပြောင်းလဲထားပါသည်။)

အဲလက်စ်ဟောင်းလက်တ် 

Ref: The Diplomat 

(The Diplomat မဂ္ဂဇင်း ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Alex Howlett ရေးသားထားသည့် “Burmese Refugees in Thailand Face Fresh Deportation Threat” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013