
စစ်အာဏာရှင်တပ်တွေဟာ ဗန်းမော်တိုက်ပွဲမှာ စစ်မျက်နှာပြင် ၃ ခုဖွင့်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးဌာနက အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
KIA တပ်မဟာ ၃ နယ်မြေ ဗန်းမော်စစ်မျက်နှာမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗန်းမော် စင်ခန်းအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်တွေက စစ်ကြောင်းထိုး၊ ဒရုန်းနဲ့ ကင်းလှည့်ပြီး ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီး လက်နက်ငယ် မျိုးစုံနဲ့လည်း ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း တိုက်ပြန်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ကချင်စစ်ရေးသတင်းရစ်မြစ်တယောက်က “ဗန်းမော်စစ်မျက်နှာပြင်ဖြစ်တဲ့ နမ့်ဖာနောင်းဘက်ကို ၉ ရက်နေ့က စကစတွေ လက်နက်ကြီးနဲ့ ၂၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒရုန်းနဲ့ပစ်တာလည်း ၁၀ ကြိမ်ထက်မနည်းပဲ။ လက်ရှိ တိုက်ပွဲအခြေအနေက ပြင်းထန်နေတယ်။ စကစ ဘက်က ဗန်းမော်စစ်မျက်နှာပြင်အနှံ့ကို စစ်ကြောင်းထိုး လှုပ်ရှားလာတော့ ကျနော်တို့ ပြန်လည်ခုခံတိုက်ခိုက်နေတယ်”လို့ ပြောပါတယ်။
တနှစ်ခွဲကျော်ကြာ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်နေတဲ့ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာလည်း မြစ်ကြောင်းတလျှောက် KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရပြီး သင်္ဘော ၁၅ စင်းခန့် ဖျက်ဆီးခံခဲ့ရပါတယ်။
ဗန်းမော်မှာ လက်နက်ခဲယမ်းတွေချပေးပြီး ပြန်စုန်ဆင်းလာတဲ့ သင်္ဘောတွေကိုလည်း KIA ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောတချို့ ပျက်စီးနစ်မြှုပ်ခဲ့ပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်မှာလည်း အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတွေလည်း ရှိတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရွှေကူဒေသအတွင်းကို အင်အားအများအပြားနဲ့ အဆက်မပြတ် စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးအခြေအနေတွေကြောင့် ရွှေကူ-ငါးအိုးလမ်းမကြီးကို KIA က ပိတ်ထားလိုက်ပြီး ပြည်သူတွေအားလုံးအနေနဲ့ အဲဒီလမ်းမကြီးကို သွားလာလှုပ်ရှားခြင်း မပြုကြဖို့ KIA တပ်ရင်း ၁၂ က အောက်တိုဘာ ၅ ရက်မှာ သတိပေးချက် ထပ်မံထုတ်ပြန်ထားသလို ရွှေကူနဲ့ ငါးအိုးဒေသကို သွားလာမယ်ဆိုရင် KIO/KIA သတ်မှတ်ထားတဲ့ လမ်းအတိုင်းသာ သွားလာဖို့ အသိပေးထားပါတယ်။











