
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူက မေ ၁၇ ရက်က ပြောပါတယ်။
စစ်တပ်က မိုးဗြဲမြို့ကနေ အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် မေလ ဒုတိယအပတ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့တာမှာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိတယ်လို့ သိရပေမဲ့ အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
KNDF ပြန်ကြားရေးတာဝန်ရှိသူက "စကမ တွေက မိုးဗြဲရဲ့ မြို့ပြင်အထိ စစ်ကြောင်း ထိုးတာ ဖြစ်တဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန် တော်လှန်ရေးတပ် ဖွဲ့တွေ ချေမှုန်းလိုက်တဲ့အတွက် ဆယ်ဂဏန်းလောက်ကျနိုင်တယ်။ ခဲယမ်းတွေ သိမ်းဆည်း ရမိတာ ရှိတယ်၊ ရဲဘော်တွေရဲ့ မျက်မြင်ကိုယ်တွေ့အရ ၁၀ ယောက်မက ရှိနိုင်တယ်ပေါ့နော်"လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးမှု အခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မိုးဗြဲမြို့ကို စစ်တပ်က ဖယ်ခုံ-ပင်လောင်းကနေတဆင့် စစ်ကြောင်းထိုးလို့ ၂၀၂၅ ခုနှစ် နှစ်ဝက် လောက်က ပြန်သိမ်းနိုင်ပြီးတဲ့နောက် မြို့ပြင်နေရာတွေကို ဆက်လက်စစ်ကြောင်းထိုးနေလို့ တိုက်ပွဲ ဖြစ်ပွားပြီး မေလ ဒုတိယအပတ်ထဲမှာတော့ တိုက်ပွဲ ပြင်းထန်တယ်လို့ သိရပါတယ်။
မိုးဗြဲမြို့ကို ၂၀၂၃ ခုနှစ် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ် နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဝက်လောက်မှာတော့ စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ပါတယ်။
စစ်တပ်က ၂၀၂၆ ခုနှစ်အတွင်း မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်းမြို့နယ်တွေကို စစ်ကြောင်းထိုး နေပြီး နယ်မြေချဲ့ထွင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။










