
အာဖရိကတိုက် အရှေ့တောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ မာလာဝီနိုင်ငံတဝန်းမှာ ၄ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့တာကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးခဲ့တယ်လို့ မာလာဝီ အစိုးရက မတ် ၁၉ ရက်မှာ ပြောပါတယ်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မာလာဝီနိုင်ငံတဝန်းက ကောင်စီ ၃၆ ခုထဲမှာ ၁၆ ခုက အိမ်ထောင်စုပေါင်း ၉,၅၉၈ စု ရေဘေးသင့်နေတယ်လို့ ဆိုပါတယ်။
ကောင်စီ ၆ ခုအတွင်းမှာ ကယ်ဆယ်ရေးစခန်း ၁၂ ခု ဖွင့်လှစ်ထားပြီး ရေဘေးသင့်မိသားစုတွေကို အကူအညီတွေ စတင်ဖြန့်ဖြူးပေးနေပါတယ်။
ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေသလို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအထောက်အပံ့နဲ့ နည်းပညာအကူအညီတွေလည်း တောင်းခံထားပါတယ်။
ဒါ့အပြင် တချို့နေရာတွေမှာ ကျွဲနွားတိရစ္ဆာန်တွေနဲ့ စိုက်ပျိုးသီးနှံတွေ ရေထဲပါသွားကုန်ပြီး အထူးသဖြင့် မာလာဝီရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ဆေးရွက်ကြီးစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
Source: Reuters











