
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် မင်းကုန်း အထိုင်စခန်းကနေ မြို့အဝင်အထွက်ကိုပါ ပိတ်ထားတဲ့အတွက် ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက် နေပါတယ်။
ရွှေဘိုမြို့မှာရှိတဲ့ ခလရ ၄၂၊ အမှတ် ၈ လေ့ကျင့်ရေးတပ်နဲ့ မင်းကုန်း အထိုင်စခန်းတို့ဟာ ဧပြီ ၈ ရက်ကစပြီး ရွှေဘိုအနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၁၀ ရက်မှာတော့ အင်အား ၈၀ ကျော်ပါတဲ့ စစ်တပ်က တပ်သားတွေဟာ ကား ၂ စီးနဲ့ မင်းကုန်းရွာ အထိုင်စခန်းကို ရောက်ရှိလာပြီး မင်းကုန်းရွာနဲ့ အိုးဖိုရွာကြားမှာ တပ်ဖြန့် နေရာယူခဲ့ကာ အဲဒီနောက်မှာတော့ မြို့အဝင် အနောက်ဘက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် ဒရုန်း၊ Y-12 လေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုတွေနဲ့အတူ ရွှေဘိုမြို့အဝင်ကိုပါ ပိတ်ထားလိုက်တဲ့အတွက် ရွှေဘိုအနောက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းက ကုန်တင်ကားတွေဟာ ကွင်းလမ်းတွေကိုသာ ခက်ခက်ခဲခဲ အသုံးပြုပြီး ကုန်စည်တွေကို သယ်ယူနေရပါတယ်။
ကွင်းလမ်းကနေ သွားလာရတဲ့အတွက် အရင်က တနာရီလောက်သာ သွားရတဲ့ခရီးဟာ အခုအခါ တနေကုန် အချိန်ယူနေရပြီး လက်နက်ကြီးနဲ့ ဒရုန်းရန်ကိုလည်း အသက်စွန့် သွားလာနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
ခရီးကြာသွားတဲ့အတွက် စက်သုံးဆီ ပိုကုန်သလို အဆင်မသင့်ရင် ညအိပ်သွားလာရတာတွေလည်း ရှိတဲ့အတွက် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာလို့ ဆိုပါတယ်။
လမ်းမပိတ်ခင်က ဓာတ်ဆီ တလီတာကို ကျပ် ၁၂,၀၀၀ ၊ ဒီဇယ် တဂါလန်ကို ကျပ် ၃၈,၀၀၀ ၊ စားဆီတပုံးကို ကျပ် ၁၆၀,၀၀၀ နဲ့ ဆန်တအိတ်ကို အမျိုးအစားအလိုက် ကျပ် ၁၁၀,၀၀၀ ကနေ ၁၈၀,၀၀၀ အထိသာ ရှိခဲ့ပေမဲ့ လမ်းပိတ်ပြီးနောက်ပိုင်းမှာတော့ ဓာတ်ဆီ တလီတာကို ကျပ် ၁၄,၀၀၀ အထိ၊ ဒီဇယ် တဂါလံကို ၄၀,၀၀၀ ၊ စားဆီ တပုံးကို ၁၉၀,၀၀၀ နဲ့ ဆန်တအိတ်ကို ၁၂၅,၀၀၀ ကနေ ၁၉၅,၀၀၀ အထိ အသီးသီး မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဈေးသည်တယောက်ကလည်း “အရင်က မြို့ပေါ်က ကိုယ်စားလှယ်ကားတွေက နယ်အထိ လာပို့ ပေး ပေမဲ့ အခုတော့ လာမပို့နိုင်တော့ပါဘူး။ နယ်ကားတွေကပဲ ကွင်းလမ်းကနေ လှည့်ပတ်ပြီး ခက်ခက်ခဲခဲ သယ်နေရတဲ့အတွက် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်လာပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ အကုန်တက်သွားတာပါ” လို့ ရှင်းပြပါတယ်။
ဒါ့အပြင် ရွှေဘိုကနေ နယ်ဘက်ကိုသွားတဲ့ ခရီးသည်တင် ယာဉ်စီးခတွေဟာလည်း အရင်က တယောက်ကို ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ အခုချိန်မှာ ၂၀,၀၀၀ ကနေ ၂၅,၀၀၀ အထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်တပ်တွေဟာ မင်းကုန်းရွာနဲ့ အိုးဖိုရွာကြားမှာ နေရာယူပြီး လက်နက်ကြီး တွေနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ရွှေဘို အနောက်ခြမ်းက ကျေးရွာပေါင်း ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။










