
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဗိုလ်တည်းကုန်းကျေးရွာမှာ အောက်တိုဘာ ၂၇ ရက်က အမျိုးသမီးငယ် တယောက်ကို ခိုးပြေးတဲ့လူငယ်တယောက်အား ကူညီပေးခဲ့တဲ့ အဖော် သူငယ်ချင်း ဖြစ်သူက သံတုတ်နဲ့ ရိုက်နှက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက် ၉ နာရီကျော်က ဗိုလ်တည်းကုန်းကျေးရွာ မြောက်ဘက် လယ်ကွင်း အတွင်း မှောက်ခုံအနေအထားနဲ့ သေဆုံးနေတဲ့ လူငယ်တယောက်ရဲ့ အလောင်းကို တောထဲ သွားလာ တဲ့ ဒေသခံတွေက စတင်တွေ့ရှိခဲ့ကြတာပါ။
အဲဒီနောက် ဒေသအာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ပြီး စစ်ဆေးချက်တွေအရ သေဆုံးသူဟာ ဗိုလ်တည်းကုန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် အမျိုးသားဖြစ်ကြောင်း သိရှိရပါတယ်။
အမှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းကြည့်ရာမှာ အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီလောက်က ဥက္ကံတောရွာက အသက် ၁၇ နှစ်အရွယ် မိန်းကလေးတယောက်ကို သူ့ရဲ့ချစ်သူ သေဆုံးသူ လူငယ်နဲ့ အသက် ၂၃ နှစ်အရွယ် သူငယ်ချင်းဖြစ်သူတို့က ခိုးယူလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် အဖော်ဖြစ်သူက အဆိုပါ စုံတွဲကို နေအိမ်တအိမ်မှာ ခဏထားခဲ့ပြီး ခဏထွက်သွားခဲ့ရာမှ ည ၂ နာရီလောက်မှာ ပြန်လည်ရောက်ရှိလာပြီး စကားပြောစရာရှိတယ်ဆိုကာ အမျိုးသမီးငယ်ရဲ့ ချစ်သူကို အပြင်ခေါ်ထုတ်သွားခဲ့ပါတယ်။
တနာရီကျော်ကြာတဲ့အထိ ပြန်ရောက်ရှိမလာတာကြောင့် မိန်းကလေးဖြစ်သူက ဖုန်းဆက်သွယ် ကြည့်ရာ ချစ်သူကောင်လေးရဲ့ ဖုန်းမှာ ပိတ်ထားခဲ့ပါတယ်။
ဒါကြောင့် ခေါ်ထုတ်သွားတဲ့ သူငယ်ချင်းဖြစ်သူဆီ ဖုန်းဆက်ရာမှာတော့ အဆိုပါ အမျိုးသားက “မင်းကောင်က မင်းကို ထားပစ်ပြီး ထွက်ပြေးသွားပြီ၊ ငါနဲ့ပဲ အတူဆက်ပေါင်းရအောင်” ဆိုပြီး ပြောဆိုခဲ့ကြောင်း အဆိုပါ မိန်းကလေးရဲ့ ထွက်ဆိုချက်အရ သိရပါတယ်။
မနက်ပိုင်း ရောက်ရှိချိန်မှာတော့ မိန်းကလေးရဲ့ ချစ်သူကောင်လေး သေဆုံးနေတာကို သိရှိခဲ့ရတာ ကြောင့် မိန်းကလေးဖြစ်သူက ဖြစ်စဉ်အမှန်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ကျူးလွန်သူကို ဖော်ထုတ်နိုင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ သေဆုံးသူလူငယ်ကို ရွာမြောက်ဘက် မူးဘေးကို ခေါ်သွားပြီး စကားများ ငြင်းခုံကြရာက လည်ပင်းကို လွယ်အိတ်ကြိုးနဲ့ ရစ်ပတ်ကာ သံတုတ်နဲ့ ကုပ်ပိုးကို ရိုက်နှက်ပြီး လယ်ကွင်းထဲ စွန့်ပစ်ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။
လက်ရှိမှာတော့ ပြစ်မှုကို ကျူးလွန်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို ဒေသတွင်း တာဝန်ရှိ အဖွဲ့အစည်းတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။











