DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်၌ စစ်တပ်က တူးမြောင်းပိတ်ထားသဖြင့် လယ်ဧက ၅,၀၀၀ ခန့် ပျက်စီးနိုင်
DVB
·
October 24, 2026
Photo: Bomin
Photo: Bomin
Donate to DVB

​စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အိုးဖိုရွာမှာ စစ်အာဏာရှင်တပ်က အိုးဖိုမူး (မြောင်း) ကို ပိတ်ထားတဲ့ အတွက် ရွှေဘိုအနောက်တောင်ခြမ်း ကျေးရွာ ၇ ရွာက လယ်ဧက ၅,၀၀၀ လောက် ရေသွင်းပြုစုဖို့ အခက်အခဲဖြစ်ပေါ်နေပြီး ပျက်စီးမဲ့အခြေအနေရှိတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

ကင်းဗျားနဲ့ အိုးဖိုကြားရှိ လက်တံ (၈) အိုးဖိုမူး (မြောင်း) ကို ပိတ်ထားတဲ့အတွက် အိုးဖိုမူး ရေသောက်စနစ်ကို အသုံးပြုနေကြတဲ့ အိုးဖို၊ ကင်းဗျား၊ မင်းကုန်း၊ ဇီးတော၊ အောင်ချမ်းသာ၊ ချီပါ (တောင်) နဲ့ ချီပါ (မြောက်) ကျေးရွာ ၇ ရွာက လယ်ဧက ၅,၀၀၀ လောက်ဟာ ရေသွင်း၊ ပေါင်းနုတ်၊ မြေဩဇာကြဲတာနဲ့ ဆေးဖြန်းတဲ့လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင် နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။ 

​ဒေသခံတောင်သူတယောက်က “စစ်ကြောင်း အိုးဖိုရောက်လာကတည်းက လက်နက်ကြီး၊ ဒရုန်း တွေနဲ့ ပစ်ခတ်နေလို့ ချီပါမူး အရှေ့ဘက်၊ အနောက်ဘက်က လယ်တွေ ဘာမှလုပ်မရတော့ဘူး၊ တလကျော်ပြီ။ မြေဩဇာကြဲ၊ ဆေးဖြန်းဖို့ မပြောနဲ့ ရေရှိမရှိကို သွားကြည့်လို့မရဘူး။ လယ်ထဲလူမြင်ရင် သေနတ်လှမ်းပစ်တယ်၊ မပစ်ရင် ဒရုန်းလာတယ်။ လယ်တောနားကို ကပ်လို့ မရဘူး။ ပြီးတော့ အိုးဖိုမူးကိုလည်း သူတို့က ပိတ်ထားလို့ အိုးဖိုမူးတလျှောက်က လယ်တွေလည်း ဘာမှကိုလုပ်မရဘူး။ အဲလိုဖြစ်နေတာ ဧက ၅,၀၀၀ လောက် ရှိမှာ။ ဒီထက်ရက်ကြာရင်တော့ လယ်တွေလည်း ပက်ကြားကွဲနေလောက်ပြီ။ စပါးပင်တွေလည်း သေရင်သေ၊ မသေရင် ပေါင်းတွေဖုံး၊ ပိုးတွေကျနဲ့ ပျက်စီးဖို့ပဲ ရှိတယ်။ ဆုတောင်းရုံက လွဲလို့ ဘာမှမတတ်နိုင်တော့ပါဘူး' လို့ ပြောပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်က အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ ချီပါမျိုးသန့်စိုက်ခြံတို့အထိ တပ်ဖြန့်နေရာ ယူထားကာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ နေ့စဉ်နဲ့အမျှ ပစ်ခတ်ကြဲချနေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

အိုးဖိုရွာမှာ ယာယီအထိုင်ချ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းနဲ့ မြို့အဝင် တောင်မုဒ်စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်သားတွေက ရွှေဘိုအနောက်တောင်ခြမ်းရှိ ကျေးရွာတွေကို လေကြောင်းကနေ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြဲချနေပါတယ်။

​စစ်တပ်က စက်တင်ဘာ ၂၆ ရက်ကစတင်ပြီး ရွှေဘိုမြို့အဝင် အနောက်ပေါက်အနီးရှိ အိုးဖိုရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး အိုးဖိုဘုန်းကြီးကျောင်းမှာ ယာယီအထိုင်ချ တပ်စွဲခဲ့ပြီးနောက် အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ ချီပါမျိုးသန့်စိုက်ခြံတို့ကိုပါ တပ်ဖြန့်နေရာယူထားတာ တလဝန်းကျင်ရှိပါပြီ။ 

​အဆိုပါစစ်ကြောင်း ရောက်ရှိချိန်ကစတင်ပြီး အိုးဖို၊ ကင်းဗျားရွာတို့ အနီးတဝိုက်က လယ်တော တွေနဲ့ ချီပါတောင်ရွာ၊ ချီပါမြောက်ရွာဘက်ကို စစ်တပ်စစ်ကြောင်း၊ အမှတ် (၈) လေ့ကျင့်ရေးတပ်နဲ့ မြို့အဝင် တောင်မုခ်စစ်ဆေးရေးဂိတ်တို့က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲပစ်ခတ်နေပါတယ်။

​ဒါ့အပြင် ရွှေဘို-ဆိပ်ခွန်၊ မူးကမ်းကြီး၊ မုံရွာသွားကားလမ်းကိုလည်း လုံးဝသွားလာအသုံးပြုလို့ မရတော့တဲ့အတွက် ရွှေဘိုအနောက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းဘက်က ကုန်တင်ယာဉ်တွေဟာ ကွင်းလမ်းတွေကနေ ကုန်စည်တွေကို သယ်ယူနေကြရတာကြောင့် ကုန်စည်စျေးနှုန်းတွေ မြင့်တက် လာပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013