
စစ်အာဏာရှင်အစိုးရက ပြည်ပ ပြန်ထွက်မဲ့ နေရပ်ပြန်အလုပ်သမားတွေကို နည်းမျိုးစုံနဲ့ ပိုမိုတင်းကျပ် ကန့်သတ်နေတာကြောင့် လူကုန်ကူးမှုတွေကို ပိုဖြစ်လာနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို အလည်ပြန်မယ့်သူတွေအနေနဲ့ အလုပ်ရှင်ဆီက ခွင့်ပြုစာနဲ့ အဲဒီစာ မှန်ကန်ကြောင်း သက်ဆိုင်ရာ မြန်မာသံရုံးရဲ့ စီစစ်ထောက်ခံချက်၊ သတ်မှတ်ထားတဲ့ တခြားစာရွက်စာတမ်းတွေနဲ့အတူ ပြန်လည်ထွက်ခွာခွင့် တင်ပြလျှောက်ထားရမယ်လို့ စစ်အာဏာရှင်ရဲ့ အလုပ်သမား သံအရာရှိရုံးက မေ ၄ ရက်က ထုတ်ပြန်ပါတယ်။
မေ ၁ ရက်ကစလို့ မြန်မာနိုင်ငံကို ခွင့်နဲ့ အလည်အပတ်ပြန်လာမဲ့ မြန်မာနိုင်ငံသားတွေအပေါ် အလုပ်ရှင်ရဲ့ ခွင့်ပြုစာနဲ့ သံရုံးထောက်ခံစာ လိုအပ်မယ်ဆိုတဲ့ အမိန့်နောက်ပိုင်း ဒီစာကို ထပ်မံထုတ်ပြန်လာတာပါ။
အခုလို စစ်တပ်က ကန့်သတ်လိုက်တဲ့အတွက် အလုပ်သမားတွေဟာ တရာမဝင် လမ်းကြောင်းတွေကနေ အဝင်အထွက် ပြုလုပ်ကြရမှာဖြစ်ပြီး လူကုန်ကူးမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံမှာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ဦးရဲမင်းက ပြောပါတယ်။
“အခုဆိုရင် သေချာတယ် မြန်မာပြည် ပြန်မယ့်သူတွေက မဖြစ်မနေပြန်ရမဲ့ သူတွေက အထောက်အထားရှိရဲ့သားနဲ့ တရားဝင်လမ်းတွေကနေ ပြန်ရဲမှာ မဟုတ်တော့ဘူး။ တရားမဝင်လမ်းတွေကပဲ ပြန်ရတော့မှာ တရားမဝင်လမ်းတွေကလည်း ရှိနေတာပဲလေ။ ထိုင်းနဲ့ မြန်မာကြားမှာ ဘယ်လိုမှ ပိတ်ဆို့လို့မရဘူး၊ အဲဒီနောက်ဆက်တွဲ တရားမဝင်လူကုန်ကူးမှုတွေပါ ထိုင်းနိုင်ငံထဲမှာ ထပ်ဖြစ်လာအောင် တွန်းပို့လိုက်တာနဲ့ အတူတူပဲ။”
မြန်မာနိုင်ငံသားတွေ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ နိုင်ငံအများစုက သတ်မှတ်ထားတဲ့ ခွင့်အမျိုးအစားတွေထဲ မီးဖွားခွင့်၊ မိသားစုစောင့်ရှောက်ခွင့်၊ နာမကျန်းခွင့် စတာတွေကလွဲလို့ နှစ်ပတ်လည်ခွင့် အပါအဝင် သာမန်ခွင့်တွေကို အများဆုံး တလသာ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာလုပ်သားတွေ အမှန်တကယ် အလုပ်လုပ်ကိုင်နေတဲ့ OWIC ပါ အလုပ်ရှင်နဲ့ လုပ်ငန်းခွင်တွေမှာ အခက်အခဲ တစုံတရာကြုံတွေ့ရပါက သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး လက်ရှိ အလုပ် လုပ်နေတဲ့ အလုပ်ရှင်/ လုပ်ငန်းခွင်အမှန်ကို သိရှိနိုင်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ စစ်အာဏာရှင် အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီလို ကန့်သတ်တာဟာ အလုပ်သမားတွေကို ပိုပြီးဖိနှိပ်ဖို့အတွက် ဒီလိုတွေ လုပ်ဆောင်နေတာဖြစ်လို့ မြန်မာပြည်ပြန်မဲ့ အလုပ်သမားတွေအနေနဲ့ အရေးကိစ္စမရှိရင် မပြန်ကြဖို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။
မလေးရှားမှာ အလုပ်သမားတွေကို အကူအညီပေးနေသူတယောက်ကလည်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို သင်္ကြန်ကာလ အလည်ပြန်ရောက်သူ အယောက် ၁,၀၀၀ နီးပါး ပိတ်မိနေတဲ့အတွက် အဲဒီလူတွေဟာ အောက်လမ်းကနေ ပြန်လာရမှာဖြစ်ပြီး အန္တရာယ်များနိုင်တယ်လို့ ပြောပြပါတယ်။
မလေးရှားရောက် အလုပ်သမားတွေကို အကူအညီပေးနေသူတယောက်က “မဖြစ်မနေပြန်ရမှာလား ကျန်းမာရေးကိစ္စလား အရမ်းကြီး ကြီးသလား၊ အမြဲတမ်း မေးခွန်းထုတ်တယ်၊ ပြန်သင့်မှပြန် အဲဒီလိုမျိုး သတိပေးတယ်။ ဘာကြောင့်လဲဆိုတော့ တစုံတခု လွဲချော်သွားရင် ကိုယ်ပဲ နစ်နာဆုံးရှုံးတယ်။ သူတို့အခြေအနေက ပြောရခက်တယ်လေနော်၊ အမှန်အတိုင်းပြောရရင် စားပေါက်ချောင်အောင် စားပေါက်ကို ချဲ့တဲ့ ပုံစံဖြစ်နေတယ်။ ဒီနိုင်ငံမှာလည်း အဲဒီအတိုင်းပဲ ဖြစ်နေတယ်။ ဘယ်လိုပြောရမလဲ နှစ်ဖက်ညှိနှိုင်းပြီး လုပ်တဲ့ပုံစံ ဖြစ်နေတယ်။ ဘယ်လို ပြောရမလဲ မသေမချင်းကို သတ်နေတဲ့သဘော ဖြစ်နေတယ်”လို့ ပြောပါတယ်။
မေ ၁ ရက် မတိုင်ခင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေကြတဲ့ အလုပ်သမားတွေထဲက ခွင့်ကာလ ၁ လထက် ကျော်လွန်နေတဲ့သူတွေ၊ ခွင့်ကာလ တလကျော်ယူရတဲ့ အကြောင်းပြချက်နဲ့ OWIC မှာ ဖော်ပြထားတဲ့ နိုင်ငံနဲ့ လုပ်ငန်းခွင် ကွဲလွဲသူတွေဟာ ပြည်ပထွက်ခွာခွင့် ပြန်ရဖို့ ကွဲလွဲရတဲ့ အထောက်အထား အခိုင်အလုံနဲ့ တင်ပြရမှာ ဖြစ်ပါတယ်လို့ စစ်အာဏာရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဖက်မှာလည်း အလုပ်သမားတွေရဲ့ တင်ပြချက်ကို စစ်အာဏာရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက အကြောင်းအမျိုးမျိုးနဲ့ ပယ်ချပြီး ပြည်ပပြန်ထွက်ခွင့်မပေးတဲ့အတွက် အလုပ်သမားတွေဟာ နိုင်ငံတွင်းမှာ ပိတ်မိနေရတယ်လို့ သိရပါတယ်။
ထိုင်းနဲ့ မလေးရှားလို မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ နိုင်ငံတွေကတော့ တရားမဝင်လမ်းကြောင်းကနေ သူတို့ အလုပ်လုပ်တဲ့ နိုင်ငံကို ပြန်သွားနိုင်ပေမဲ့ ကိုရီးယား၊ ဂျပန်လို လေကြောင်းကနေ ပြန်ဝင်ရမဲ့သူတွေကတော့ VIP လမ်းကြောင်းကနေ ငွေအမြောက်အမြားပေးပြီး ပြန်ထွက်နေကြသူတွေ ရှိတယ်လို့ ကိုရီးယားနိုင်ငံ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် အတွင်းရေးမှူး ကျော်ဆန်းက ပြောပြပါတယ်။
“အခုကတော့ သူတို့ VIP လမ်းကြောင်းကြေးဆိုပြီး လုပ်နေတာတော့ ကြားနေတာပဲ။ အဲဒီလိုလုပ်လို့ ပိုက်ဆံပေးလို့မလို့ ရရင်လည်း ရပေါ့နော်။ မြန်မာနိုင်ငံကမှ ခွင့်မပြုဘူးဆိုရင် ကိုရီးယားဘက်က ဘာမှလုပ်ပေးလို့မရဘူး၊ အဓိကတချို့ ပြည်ထဲရေးကို ကျပ်သိန်း ၅၀၊ သိန်း ၇၀၊ သိန်း ၁၂၀ အဲဒီလိုတွေပေးပြီး လုပ်နေကြတာရှိတယ်။ ဒါလည်း ရတဲ့သူတွေလည်း ရှိနိုင်တယ်၊ ကြားထဲကမှ လုပ်ပေးမယ်ဆိုပြီး လိမ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရဖို့ ရာခိုင်နှုန်းကတော့ ၅၀-၅၀ ပေါ့ တချို့ကျတော့လည်း ကောက်ရိုးတမျှင်ပဲရရပေါ့။ VIP ကြေး လမ်းကြောင်းကြေးဆိုပြီး လုပ်နေတာတွေတော့ တွေ့ရတာပဲ။”
စစ်အာဏာရှင်က အခုလို ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေကို ကိုယ့်နေရပ်ကို အလည်ပြန်လာပြီး ပြည်ပ ပြန်ထွက်ခွင့်မပေးတာဟာ စစ်မှုထမ်းအတွက် လူအင်အားလိုအပ်လို့ တဖက်လှည့်နဲ့ ခေါ်ယူထားတာ ဖြစ်နိုင်တယ်လို့ အလုပ်သမားအရေး အကူအညီပေးနေသူတွေက သုံးသပ် ပြောပါတယ်။










