
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ရမ်ခမ်းဟမ်နယ်မြေထဲမှာ လူကုန်ကူးခံရပြီး နှိပ်စက်ညှဉ်းဆဲ အဓမ္မဈေးရောင်းစားခိုင်းတာ ခံရတဲ့ မြန်မာကလေး ၇ ယောက်ကို တာဝန်ရှိသူတွေ သွားရောက် ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ရမ်ခမ်းဟမ်၊ လမ်းသွယ် ၁၂၂ ထဲမှာ ကလေးသူငယ်တွေကို လူကုန်ကူးခံရပြီး နှိပ်စက် အဓမ္မလုပ်အားစေခိုင်းခံရကြောင်း သတင်းရလို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်မှူး နိုင်းနရုန်းထိပ်ဆီရီ ဦးဆောင်ပြီး ထိုင်းမိုက်ထုန်း ထိုင်းမျိုးချစ်အဖွဲ့၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ လူသားရင်းမြစ်လုံခြုံရေးဌာနက တာဝန်ရှိသူတွေဟာ “ဖူးငုံစ ပန်းကလေးများကာကွယ်ရေး” စစ်ဆင်ရေးအရ အောက်တိုဘာ ၁၃ ရက် ဒီမနက် ၇ နာရီခွဲက အဆိုပါနေရာကို သွားရောက်စစ်ဆေးပြီး ကလေးတွေကို ကယ်တင်ခဲ့ပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန် တိုင်ကြားခံရတဲ့ အိမ်မှာ အထဲကို မမြင်ရအောင် အပြာရောင် တာလပတ်နဲ့ ကာထားတယ်၊ အိမ်ထဲမှာလည်း ကလေးတွေကို ပန်းကုံးရောင်းခိုင်းဖို့ ပြင်ဆင်ထားတဲ့ ရေခဲစိမ်ပန်းတွေ၊ ငွေထည့်ဖို့ လွယ်အိတ်တွေ၊ ပန်းဖိုးပေးချေဖို့ QR Code ပါစာရွက်တွေ တွေ့ရှိတယ်။
အိမ်ထဲမှာတော့ ဥကရစ်နဲ့ အော်ရနွတ် ဆိုသူ လင်မယားကိုတွေ့ရှိပြီး သူတို့ဟာ လူကုန်ကူးမှုနဲ့ တိုင်ကြားခံထားရသူတွေ ဖြစ်တယ်၊ သူတို့နှစ်ယောက်ဟာ ပန်းရောင်ကတ်နဲ့ ဆယ်နှစ်ခံ နိုင်ငံမဲ့ကတ်ပြားတွေ ကိုင်ဆောင်ထားတယ်။ အဲဒီအိမ်မှာ ကလေး ၉ ယောက်ရှိပြီး ၇ ယောက်မှာ မဲဆောက် ဘက်က ခေါ်လာတဲ့ အသက် ၁၁ နှစ် နဲ့ ၁၈ နှစ်ကြား မြန်မာကလေးတွေဖြစ်တယ်၊ ကျန် ၄ ယောက်ကတော့ သူတို့သွေးသားတော်စပ်သူတွေလို့ ဆိုတယ်။
ကလေး ၇ ယောက်ကို ပန်းကုံး၊ လိမ္မော်ရည်နဲ့ ပန်းတွေ အဓမ္မလှည့်လည် ရောင်းချခိုင်းခဲ့တယ်။ ကလေးတွေ ကျောင်းသွားတာမတွေ့ရဘူး၊ ညနေ ၅ နာရီလောက်ကစ အပြင်ထွက်ရောင်းပြီး မနက် ၂ နာရီ ၃ နာရီလောက်မှ ပြန်လာ ထမင်းစားတာတွေ့ရတယ်လို့ အိမ်နီးနားချင်းတွေက သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူတွေက သူတို့လင်မယားကို ဖမ်းဆီးပြီး လုပ်အားခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေနဲ့ စွဲချက်တင်သွားမယ်၊ လူကုန်ကူးခံရတဲ့ မြန်မာ ကလေး ၇ ယောက်ကိုတော့ လူငယ်စောင့်ရှောက်ရေးဂေဟာမှာ ခေါ်ယူထားလိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ အော်ရနွတ်ရဲ့ ထွက်ဆိုချက်အရ ရမ်ခမ်းဟိုင်လမ်းသွယ် ၁၂၀ ထဲမှာ လည်း နောက်ထပ်ကလေးတွေ ရှိသေးတယ်လို့ ဆိုတာကြောင့် တာဝန်ရှိသူတွေက ဆက်လက်သွားရောက်စစ်ဆေးရာမှာ အမျိုးသမီးတယောက် ထွက်တွေ့ပြီး သူတို့ဆီမှာ ကလေး ၅ ယောက် ရှိပေမဲ့ ကျောင်းတက်နေကြကြောင်း ဈေးမရောင်းခိုင်းကြောင်း ငြင်းဆိုပါတယ်။
မယ်ဆိုင်ကလာတဲ့ ကလေး တယောက်ကတော့ အဖေ အမေနဲ့ အတူဈေးရောင်းကူတာလို့ ပြောပေမဲ့ တာဝန်ရှိသူတွေကတော့ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က မြန်မာအမျိုးသမီးတယောက်ဟာ ဥကရစ်နဲ့ အော်ရနွတ် တို့လင်မယားရဲ့ မတရားမှုတွေ ခံရကြောင်း “ထိုင်းမိုက်ထုန်း” အဖွဲ့ကို ဆက်သွယ်တိုင်ကြားခဲ့တယ်လို့ ဒုညွှန်မှူး နိုင်းနရုန်းထိပ်ဆီရီက သတင်းထောက်တွေကို ပြောပါတယ်။
သူမဟာ ပွဲစားရဲ့ အဆက်အသွယ်နဲ့ အိမ်ဖော်အလုပ်ရမယ်ဆိုတာကြောင့် ၅ နှစ်ရွယ် သမီးလေးနဲ့ အတူ ဘန်ကောက် ရောက်လာတယ်၊ ဒါပေမဲ့ ဥကရစ်နဲ့ အော်ရနွတ်တို့ အိမ်ရောက်တော့ အထောက်အထားတွေ အသိမ်းခံရပြီး အတင်းအကျပ် ဈေးရောင်းခိုင်းတယ်၊ ဥကရစ်ရဲ့ မုဒိမ်းကျင့်တာကို ၆ ကြိမ်ခံခဲ့ရတယ်၊ ဈေးရောင်းမကုန်ရင် ဒဏ်ပေးခံရတယ်၊ အင်္ကျီချိတ်နဲ့ အရိုက်ခံရတယ်၊ သူ့ရဲ့သမီးပါ အရိုက်ခံရတယ်၊ အဲဒီအိမ်ထဲက တခြားကလေးတွေလည်း ဈေးမရောင်းရရင် ဖယောင်းတိုင် ဒါမှမဟုတ် ဇွန်းကို မီးနဲ့ရှို့ပြီး ခန္ဓာကိုယ်ကို ကပ်ပြီးနှိပ်စက်တယ်၊ ဈေးရောင်းရငွေတွေကိုတော့ သူတို့လင်မယားရဲ့ QR Code ထဲ ပေးချေရတယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာ မခံနိုင်တော့တာကြောင့် သမီးနဲ့အတူ အဲဒီအိမ်ကနေ ထွက်ပြေးပြီး “ထိုင်းမိုက်ထုန်း” အဖွဲ့ထံ ဆက်သွယ်တိုင်ကြားခဲ့တာကြောင့် အဆိုပါအဖွဲ့ကလည်း အုပ်ချုပ်ရေးဌာနကို ဆက်လက် တိုင်ကြားခဲ့တာလို့ သိရပါတယ်။
ဒီအမှုကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့က လိုအပ်သလို ဆက်လက်ထောက်လှမ်းစစ်ဆေးပြီး မင်ဘူရီခရိုင်တရားရုံး ဖမ်းဝရမ်းနဲ့ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာလို့ ဒုညွှန်မှူးနိုင်းနရုန်းထိပ်ဆီရီက ပြောပါတယ်။
Source: Amarin TV / CH3 News











