
ချင်းပြည်သူလူထုနဲ့ ရခိုင်ပြည်သူလူထုအကြား အိမ်နီးချင်းကောင်းပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုဖို့အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU) ခေါင်းဆောင်တွေ ကြိုးပမ်းနေ ကြတယ်လို့ ဧပြီ ၂၀ ရက်မှာ CPU က ထုတ်ပြန်ပါတယ်။
ဒီအတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ထိပ်ပိုင်းခေါင်းဆောင်တို့ ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်အတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ULA/AA ရဲ့ ဖိတ်ကြားချက်နဲ့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ အာရက္ခဒေသကို သွားရောက်ခဲ့ပြီး လက်ရှိ နွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ချင်းပြည်သူလူထုနဲ့ ရခိုင်ပြည်သူတို့အကြား အိမ်နီးချင်းကောင်းပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ကြတယ်လို့ ပြောထားပါတယ်။
ရက်သတ္တပတ် ၂ ပတ်ခန့် ကြာမြင့်ခဲ့တဲ့ အဲဒီခရီးစဉ်အတွင်းမှာ ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာတွေနဲ့တကွ အလွန်တရာ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေနဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိတယ်လို့ CPU က ပြောပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်နဲ့ ချင်းပြည်သူ့အစည်းရုံးတို့ တွေ့ဆုံပွဲတွေမှာ AA ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ လက်ခံတွေ့ဆုံခဲ့ကြတာကို တွေ့ရပြီး AA နဲ့ CPU တို့ဟာ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တွေအဖြစ် ချင်းပြည် မြို့သိမ်းတိုက်ပွဲတွေမှာ တကူတကွ တိုက်ပွဲဝင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ကို ချင်းညီနောင် (CB) အဖွဲ့ဝင်တွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တို့က နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကလည်း အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ ချင်းညီနောင် ထိပ်ပိုင်းခေါင်းဆောင်တချို့ ရခိုင်ပြည်အတွင်းမှာ တွေ့ဆုံခဲ့ ပါတယ်။
ချင်းနဲ့ ရခိုင်အကြား မဟာမိတ်ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ခြင်းက အနာဂတ် ပြည်နှစ်ပြည် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင် တော်လှန်ရေး လုပ်ဆောင်ရာမှာ အများကြီး အထောက်အပံ့တွေ ဖြစ်စေနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ရှုမြင်နေကြတာ ဖြစ်ပါတယ်။










