
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို စစ်တပ်က ဧပြီ ၁၆ ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိသလို လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “သင်္ကြန်အတက်နေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ပေါက်တောင်ခြမ်းမှာရှိတဲ့ ဝန်လဲ (အောက်စု) ရွာထဲကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးတလုံး ကြဲသွားတာပါဗျ” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့ အဆိုပါ ဝန်လဲ (အောက်စု) ကျေးရွာဟာ အိမ်ခြေ ၅၀ ဝန်းကျင်သာရှိပြီး လူစုလူဝေးဖြစ်တဲ့ သင်္ကြန်ရေကစားတာတွေ မရှိတဲ့အပြင် တိုက်ပွဲဖြစ်နေတာတွေနဲ့ တော်လှန်ရေး အထိုင်စခန်းတွေလည်း မရှိဘူးလို့ ဆိုပါတယ်။
ပေါက်မြို့နယ် လူသားစာနာတာဝန်ခံ ကိုပီကေက “ရွာလယ်ခေါင်တည့်တည့်ကို ပေါင် ၅၀၀ ဗုံး အကြဲခံလိုက်ရတာပါ။ အိမ် ၆ လုံး ပျက်စီးသွားပါတယ်။ နေ့လယ်ပိုင်း အိမ်တွေထဲမှာ အနားယူနေကြတဲ့ အသက် ၅၀ ဝန်းကျင်တွေ ဦးဌေးဝင်းနဲ့ ဒေါ်တင်ရီတို့ ၂ ယောက်က နေရာမှာတင် ဆုံးသွားပါတယ်။ ဒဏ်ရာရတဲ့သူ ၅ ယောက်ထဲမှာလည်း ၂ ယောက်က အသက်အန္တရာယ် အတော်လေး စိုးရိမ်ရတဲ့ အနေအထား ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ရဲ့ အဆိုပါ ဂျက်တိုက်လေယာဥ်ဟာ ဝန်လဲ (အောက်စု) ကျေးရွာကို ဗုံးကြဲတိုက်ခိုက်သွားပြီးနောက် ကပစ ၂၄ ဝန်းကျင်တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်သွားပေမဲ့ ပြည်သူထိခိုက်မှု မရှိခဲ့ပါဘူး။
စစ်တပ်ဟာ မြန်မာနှစ်သစ်ကူးကာလ ဖြစ်နေပေမဲ့ ပြည်သူကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်နေတာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့လည်း သတိနဲ့နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











