
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝပ်ထနာနယ်မြေ၊ ဖရခနုန်ရပ်ကွက်ထဲမှာ အောက်တိုဘာ ၁ ရက် မနေ့ညက ရုတ်တရက် မြေပြိုကျပြီး မြန်မာလုပ်သား တယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ည ၆ နာရီ ၄၇ မိနစ်က ဖရခနုန်ရပ်ကွက်၊ ပရီဒီဖနုမ်ယုန်းလမ်းသွယ် ၁၄ ထဲမှာ မြေပြိုပြီး အလုပ်သမားတွေ ပိတ်မိနေကြောင်း အကြောင်းကြားချက်ရတာကြောင့် မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပါ ချိတ်ဆက်ပြီး သွားရောက်စစ်ဆေးခဲ့တယ်လို့ မြို့တော်ရဲတပ်ဖွဲ့ အမှတ် ၅ နယ်မြေရဲစခန်းက တာဝန်ကျရဲမှူးကြီး နိသီဝပ်ဆဲန်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါနေရာမှာ ရေကြီးမှုကာကွယ်ရေးအတွက် ဘန်ကောက်မြို့တော်စည်ပင်ရဲ့ မြေအောက်ရေ ပိုက်လိုင်းထပ်မံချထားရေး ဆောက်လုပ်ဆဲလုပ်ငန်းခွင်တခုဖြစ်တယ်၊ အလုပ်သမားတွေဟာ မြေအောက်မှာ မြေညှိနေစဉ် ရုတ်တရက် မြေကျွံကျလာပြီး သူတို့ပေါ်ကို ပိမိတာလို့ ဆိုပါတယ်။
အလုပ်သမားတယောက်ကတော့ ကိုယ်တိုင်ရုန်းထွက်လွတ်မြောက်လာခဲ့ပေမဲ့ နောက်တ ယောက် ကတော့ မြေကြီးနဲ့ အုတ်ပုံအကျိုးအပဲ့တွေအောက်ရောက်သွားတယ်၊ ကယ်ဆယ်ရေး အဖွဲ့တွေက သူတို့ကိုယ်ကိုယ် ကြိုးနဲ့ချည်နှောင်ကာ မြေအောက်ဆင်းပြီး ပိတ်မိနေတဲ့ အလုပ်သမားကို အချိန် ၁ နာရီကျော်ကြာ ကြိုးစားကယ်တင်ခဲ့ကြပေမဲ့ နောက်ဆုံးတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၄၉ နှစ်ရွယ်ရှိ မြန်မာအလုပ်သမား ဦးငြိမ်းချမ်းဖြစ်ပြီး အသေးစိတ် ထပ်မံဆေးစစ်ဖို့ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားပါတယ်။
အဆိုပါနေရာမှာ မနေ့တနေ့က မိုးဆက်တိုက်ရွာသွန်းထားတာကြောင့် မြေကြီးထဲရေတွေ ဝပ်ပြီး သိပ်သည်းနေတာကြောင့် ဖယ်ရှားရခက်ခဲတာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လတ်တလော အဆိုပါနေရာတဝိုက်ကို ရဲတပ်ဖွဲ့က အန္တရာယ်ဇုန်အဖြစ်ကြိုးတားထားပြီး ဆောက် လုပ်ရေးလုပ်ငန်းတွေ ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားတယ်။
ဘန်ကောက်စည်ပင်ဌာန၊ မြို့ပြအင်ဂျင်နီယာဌာနနဲ့ ရေပေးဝေရေးဌာနက တာာဝန်ရှိသူတွေ ပူးပေါင်းပြီး မြေပြိုတဲ့နေရာကို သေချာစစ်ဆေးပြုပြင်ပြီးကာမှ အဆိုပါလမ်းအပိုင်းကို ပြန်ဖွင့်ပေးမယ်၊ လတ်တလော ပရီဖနုန်ယုန်လမ်းသွယ် ၁၄ ကြား ဖြတ်သန်းသွားလာမှုမပြုဖို့ ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: MGROnline / CH3 TV News / Amarin TV










