
စက်တင်ဘာလအတွင်း စစ်မဲ့ဇုန် (DMZ) ထဲမှာ တောင်ကိုရီးယားစစ်သား ၃ ယောက်ကို ထိခိုက်စေခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုဟာ မြောက်ကိုရီးယားက မြှုပ်နှံထားတဲ့ မိုင်းတွေကြောင့် ဖြစ်နိုင်ခြေ အလွန်များတယ်လို့ တောင်ကိုရီးယားစစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ၄ ကီလိုမီတာ အကျယ်အဝန်းရှိတဲ့ DMZ ရဲ့ အနောက်ဘက်ပိုင်းမှာ ကင်းလှည့်လမ်းကြောင်းတခုကို ရှင်းနေတုန်း တောင်ကိုရီးယား စစ်တပ်ရဲ့ ကင်းထောက် အဖွဲ့တဖွဲ့က စစ်ဆင်ရေးလုပ်နေခဲ့ချိန်မှာ ပေါက်ကွဲခဲ့တာလို့ စစ်တပ်က ပြောပါတယ်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို ရပ်တန့်စေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြီးကြပ်ကွပ်ကဲနေတဲ့ ကုလသမဂ္ဂစစ်ဌာနချုပ် (United Nations Command) နဲ့ တောင်ကိုရီးယားစစ်တပ်တို့က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပူးတွဲ ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။
တဖက်မှာလည်း ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ် ကင်မ်မင်ဆော့ ဦးဆောင်တဲ့ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက စုံစမ်းစစ်ဆေးမှုအခြေအနေနဲ့ စစ်တပ်ရဲ့ ဘေးကင်း လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ပြန်သုံးသပ်ဖို့ စက်တင်ဘာ ၂၈ ရက်မှာ ဆိုးလ်မြို့ မြောက်ဘက်က ယွန်ချွန်ဒေသမှာရှိတဲ့ ကြည်းတပ်ရဲ့ ၂၅ ခုမြောက် ခြေလျင်တပ်မဌာနချုပ်ဆီ သွားခဲ့ကြပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ ပေါက်ကွဲမှုဒဏ်ခံနိုင်တဲ့ ဝတ်စုံတွေနဲ့ မိုင်းဒဏ်ခံ ဖိနပ်တွေအပါအဝင် ကာကွယ်ရေးသုံး ပစ္စည်းကိရိယာတွေကို စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။
Source: Reuters










