
အာဏာသိမ်းကတည်း စစ်အာဏာရှင်က ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
ငါးနှစ်ကျော်အကြာမှာ အဲဒီလို စကားပြောခွင့်ရခဲ့တဲ့အတွက် သူ့အတွက် စကားလုံးနဲ့ဖော်ပြလို့ မရအောင် အဓိပ္ပာယ်ရှိတယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။
ဒါပေမဲ့ ဒီလို တကြိမ်စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို လွတ်မြောက်တာလည်း မဟုတ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကိုထိန်လင်းက သူနဲ့ သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့အထိ ဆက်လက် တောင်းဆိုပေးဖို့လည်း မေတ္တာရပ်ခံလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ကာ ၂၀၂၂ နှစ်ကုန်ပိုင်းကစပြီး သားဖြစ်သူ ကိုထိန်လင်းနဲ့ ရှေ့နေတွေ အပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးခဲ့တာ ဖြစ်ပါတယ်။











