
အချစ်တော်ခွေးလေး တိုင်ချီတိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဖော်တယောက် ဆိုတာထက်ပိုတဲ့ အကြောင်း၊ သူ သေဆုံးသွားတဲ့အပေါ် နာကျင်မိတဲ့အကြောင်းနဲ့ မိခင်ဖြစ်သူနဲ့ မခွဲခွာရခင် မိခင်ရဲ့ လက်ထဲကို ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတရားရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်ဆုံး အိမ်မွေးခွေးလေးဖြစ်တဲ့ “တိုက်ချီတို” ဟာ ဇွန် ၂၁ ရက်က သေဆုံးသွားပြီးနောက် လူမှုကွန်ရက်စာမျက်နှာမှာ အခုလို ရင်ဖွင့်ရေးသားလာတာ ဖြစ်ပါတယ်။
တိုက်ချီတိုဟာ မိခင်ဖြစ်သူကို နောက်ဆုံးတခေါက်တောင် ပြန်မတွေ့လိုက်ရဘဲ အခုလို သေဆုံးသွားရတာ နာကျင်မိကြောင်းနဲ့ သူကိုယ်တိုင်လည်း မိခင်ဖြစ်သူနဲ့ ဘယ်အချိန် ပြန်တွေ့ရမလဲဆိုတာ မသိဘဲ စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ကင်မ်အဲရစ်က “တိုက်ချီတိုက မေမေ့ရဲ့ အဖော်ဆိုတာထက် ပိုပါတယ်။ မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျနော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစိတ်တပိုင်းပါ။ သူလည်း ကျနော့်လိုပဲ မေမေကို ဆုံးရှုံးခဲ့ရပါတယ်။ မေမေကို ဘယ်ကိုခေါ်သွားခဲ့တယ်ဆိုတာ သူမသိခဲ့ဘူး။ ကျနော့်လိုပဲ သူ စောင့်နေခဲ့တယ်။ ကျနော့်လိုပဲ သူလည်း မေမေကို တခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာပါ။ အခုတော့ တိုက်ချီတိုလည်း မရှိတော့ပါဘူး။ သူ မေမေကို နောက်ဆုံးတခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် ကျနော်သိပ်နာကျင်ရပါတယ်။ ကျနော်ကိုယ်တိုင်လည်း မေမေ့ကို ဘယ်အချိန်မှာ ပြန်တွေ့ရမလဲ၊ ပြန်တွေ့ခွင့်တောင် ရပါ့မလားဆိုတာ မသိရသေးပါ။ သူက မေမေကို စောင့်ခဲ့တယ်။ ကျနော်လည်း အခုထိ စောင့်နေတုန်းပါပဲ။ မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။ မေမေကို လွတ်မြောက်ခွင့်ပေးပါ”လို့ ပြောပါတယ်။
မိခင်ဖြစ်သူ အသက်ရှင်နေသေးပါက မိသားစုဝင်တွေနဲ့ အမြန်ဆုံး တွေ့ခွင့်ပေးဖို့ကိုလည်း သားငယ် ကင်မ်အဲရစ်က ထပ်မံတောင်းဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်ခွင့် ပေးဖို့ကိုလည်း ထည့်သွင်း တောင်းဆိုထားပါတယ်။
ဆုံးပါးချိန်မှာ အသက် ၁၆ နှစ်ကျော်အရွယ် ရှိပြီဖြစ်တဲ့ ခွေးကလေး တိုက်ချီတိုဟာ အမြင်အာရုံ မကောင်းတော့သလို ကျန်မာရေးမကောင်းတာ အတော်ကြာပြီဖြစ်တယ်လို့ သိရပါတယ်။
တိုက်ချီတို ၃ လသားအရွယ်မှာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ပြညနှစ် နေအိမ်အကျယ်ချုပ် လွတ်မြောက်ချိန်တုန်းက သားဖြစ်သူ ကင်မ်အဲရစ်က လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။










