
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ စတားပတ်ရပ်ကွက်မှာ ဧပြီ ၂၃ ရက် မနေ့ နေ့လယ် ၂ နာရီ လောက်က မြန်မာအမျိုးသားတယောက်က သူ့ရဲ့ ဇနီးဟောင်းကို ဓားနဲ့ထိုး သတ်ဖြတ်မှု ဖြစ်ပွား ခဲ့တယ်လို့ မလေးရှားရောက် မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။
လင်မယား ၂ ယောက်ဟာ ကွာရှင်းပြတ်စဲပြီးဖြစ်ပေမဲ့ ယောက်ျားဖြစ်သူက မကွာနိုင်ဘဲ ခုလို လူသတ်မှု ကျုးလွန်ခဲ့တာလို့ သူနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံသားတယောက်က DVB ကို ပြောပါတယ်။
"ယောကျာ်းဖြစ်သူက စိတ်အခြေနေသိပ်မကောင်းလို့ အိမ်တွင်းအကြမ်းဖက်မှုတွေရှိလို့ အမျိုးသမီး ဘက်က ကွာရှင်းပေးဖို့တောင်းဆိုခဲ့တယ်။ အမျိုးသမီးဘက်က လျော်ကြေးငွေ မလေးငွေ ရင်းဂစ် ၁၀,၀၀၀ ပေးပြီး သူတို့ Community ရုံးမှာ လက်မှတ်ထိုးခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကို ယောက်ျားဖြစ်သူက ဇနီးဖြစ်သူ အလုပ်သွားချိန်ကို စောင့်ပြီး ဓားနဲ့ထိုးသတ်ခဲ့တာ။”
လူသတ်မှုကျူးလွန်တဲ့ အမျိုးသားဖြစ်သူကို အခင်းဖြစ်တဲ့နေရာမှာဘဲ ဖမ်းဆီးနိုင်ခဲ့ပြီး ဓားထိုး ခံရတဲ့အမျိုးသမီးဟာ အခင်းဖြစ်နေရာမှာ ဆုံးသွားခဲ့တယ်လို့ သိပါတယ်။
ဓားထိုးခံရတဲ့ အမျိုးသမီးမှာ သား၊ သမီး ၃ ယောက် ကျန်ရစ်ခဲ့ပြီး ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဇာတိ ဖြစ်ကာ မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှု၊ ရန်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး မလေးရှားနိုင်ငံသားတချို့ကလည်း နိုင်ငံခြားသားတွေကို အိမ်ခန်း မငှားဖို့နဲ့ သူတို့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို စိုးရိမ်နေရတယ်လို့ ခံစားရကြောင်း အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။










