
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေ၊ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်နဲ့ လာရောက်သူတွေနဲ့ သတင်းထောက်တွေရဲ့ ဗီဇာသက်တမ်းကာလကို တင်းကျပ် ကန့်သတ်ဖို့ ထရမ့်ပ် အစိုးရအဖွဲ့က ဇူလိုင် ၁၆ ရက်မှာ စတင်လုပ်ဆောင်လိုက်ပါတယ်။
အမိမြေလုံခြုံရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အသစ်အရ နိုင်ငံတကာ ကျောင်းသားတွေအတွက် ထုတ်ပေးတဲ့ F ဗီဇာ၊ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်နဲ့ အမေရိကန်မှာ လာရောက် လုပ်ကိုင်ခွင့်ပြုတဲ့ J ဗီဇာ၊ မီဒီယာသမားတွေအတွက် ထုတ်ပေးတဲ့ I ဗီဇာတွေကို သတ်မှတ်ကာလတခုပဲ ပေးတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီဗီဇာအမျိုးအစားတွေကို သက်ဆိုင်ရာ ပညာသင်ကာလ ဒါမှမဟုတ် အလုပ်ခန့်ထားတဲ့ သက်တမ်းတလျှောက်လုံး အမေရိကန်မှာ နေထိုင်ခွင့် ပေးထားတာပါ။
ဒီစည်းမျဉ်းသစ်အရ ကျောင်းသားနဲ့ ယဉ်ကျေးမှုဖလှယ်ရေး ဗီဇာတွေရဲ့ သက်တမ်းကို ၄ နှစ်ထက် မပိုစေရတော့ဘဲ ကန့်သတ်သွားမှာ ဖြစ်ပါတယ်။
အရင်က နှစ်နဲ့ချီပြီး သက်တမ်းရနိုင်တဲ့ သတင်းထောက်ဗီဇာကိုတော့ အများဆုံး ရက်ပေါင်း ၂၄၀ အထိပဲ ပေးတော့မှာဖြစ်ပြီး တရုတ်နိုင်ငံသား သတင်းထောက်တွေ ဆိုရင်တော့ ရက်ပေါင်း ၉၀ အထိပဲ သက်တမ်းပေးတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလုပ်ဆောင်ချက်ဟာ နိုင်ငံတကာ ကျောင်းသားတွေ၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ လာရောက်လုပ်ကိုင်သူတွေအပြင် နိုင်ငံခြားသား သတင်းထောက်တွေအတွက် အခက်အခဲ အသစ်တွေ ဖြစ်လာစေတော့မှာပါ။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရာထူးတက်လာပြီးကတည်းက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို နယ်ပယ်စုံမှာ အကြီးအကျယ် စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ အစိုးရအဖွဲ့ဟာ တရားဝင် လာရောက်နေထိုင်သူတွေကိုပါ ပိုပြီး စိစစ်လာခဲ့သလို တက္ကသိုလ် ကျောင်းသားတချို့ရဲ့ အတွေးအခေါ် အယူအဆပိုင်းဆိုင်ရာတွေကို အကြောင်းပြပြီး ကျောင်းသားဗီဇာတွေနဲ့ ဂရင်းကတ်တွေကို ပြန်ရုပ်သိမ်းတာတွေ လုပ်ခဲ့သလို ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာရဲ့ တရားဝင် နေထိုင်ခွင့်တွေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။
ဒီဥပဒေကြမ်းကို လွှတ်တော်ကနေ ပြန်လည်သုံးသပ်ရဦးမှာဖြစ်ပြီး အစိုးရပြန်တမ်းမှာ ဖော်ပြပြီးလို့ ရက်ပေါင်း ၆၀ ပြည့်တဲ့နေ့ကစလို့ အတည်ဖြစ်ပြီး စတင်သက်ရောက်မှာ ဖြစ်ပါတယ်။
Source: Reuters










