
ဆိုမာလီနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ စစ်သွေးကြွတွေနဲ့ အစိုးရတပ်တွေကြား ပဋိပက္ခတွေဖြစ်အပြီး ဆိုမာလီလုံခြုံရေးတပ်ဖွဲ့တွေက မိုဂါဒစ်ရှူးက ခရိုင် ၂ ခုမှာ တည်ငြိမ်အေးချမ်းမှုကို ပြန်ထူထောင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဇွန် ၆ ရက်မှာ ပြောပါတယ်။
ရဲတွေက မြို့တော်မှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို ပြသထားပါတယ်။
အတိုက်အခံ တိုက်ခိုက်ရေးသမားတွေဆီက ပြန်ရခဲ့တာဆိုတဲ့ သေနတ်တွေကို ရဲတွေက ပြနေချိန်မှာ စစ်ယာဉ်တွေက မြို့ထဲမှာ ကင်းလှည့်နေခဲ့ကြပါတယ်။
ဘန်နာဒီဒေသ ရဲမှူးကြီး မာဒီအိုမာက “လက်နက်တွေကိုသုံးပြီး ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဘယ်သူ့ကိုမှ ကျနော်တို့ လက်မခံပါဘူး။ သိမ်းဆည်းရမိတဲ့ လက်နက်တွေကို နေရာအမျိုးမျိုးမှာ ဝှက်ထားခဲ့တယ်” လို့ ပြောပါတယ်။
အတိုက်အခံ စစ်သွေးကြွတွေကို လက်နက်ဖြုတ်သိမ်းပြီး အရပ်သားတွေ ပုံမှန်ဘဝကို ပြန်ရောက်သွားပြီလို့ သတင်းအချက်အလက်ဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ တိုက်ခိုက်ရေးသမားတွေကို လက်နက်ဖြုတ်သိမ်းခြင်းထက် မျိုးနွယ်စုအကြီးအကဲတွေက ကြားဝင်ညှိနှိုင်းခဲ့တာကြောင့် ပဋိပက္ခရပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
သမ္မတ ဟာဆန် ရှိတ် မိုဟာမက်ဟာ ပြီးခဲ့တဲ့လက သမ္မတသက်တမ်း ကုန်ဆုံးပြီးတဲ့နောက် ရာထူးဆက်ယူဖို့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ စီစဉ်ထားတဲ့ ဆန္ဒပြပွဲတွေမတိုင်မီ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့တာပါ။
မတ်လမှာ လွှတ်တော်က သူ့သက်တမ်းကို တနှစ်တိုးမြှင့်ပြီး ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲတွေကို အတည်ပြုခဲ့ပါတယ်။
လက်နက်ကိုင် လှုပ်ရှားမှုတွေ ပြန်စရင် တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ ဗဟိုအစိုးရ ပြိုလဲပြီးကတည်းက ဆိုမာလီယာနိုင်ငံဟာ ဆယ်စုနှစ်များစွာ ကြာတဲ့ ပဋိပက္ခတွေကို ခံစားခဲ့ရပြီး အယ်လ်ရှာဘတ် စစ်သွေးကြွတွေရဲ့ အစ္စလာမ္မစ် သူပုန်ထမှုကို ဆက်တိုက် တိုက်ခိုက်နှိမ်နင်းနေရဆဲ ဖြစ်ပါတယ်။
Source: Reuters










