
လူသားတွေ ပါဝင်ပတ်သက်မှုမရှိဘဲ လူသတ်နိုင်တဲ့ ဉာဏ်ရည်တုသုံး အလိုအလျောက် ပစ်မှတ်ရှာ ပစ်ခတ်နိုင်တဲ့ လက်နက်တွေကို ပဋိပက္ခတွေမှာ မကြာမီ အသုံးပြုနိုင်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ အကြီးအကဲတို့က သြဂုတ် ၂၅ ရက်မှာ သတိပေးခဲ့ပြီး အသုံးပြုမှုကို ကန့်သတ်ရေး အရေးပေါ်ညှိနှိုင်းကြဖို့ တောင်းဆိုခဲ့ပါတယ်။
“ကျနော်တို့က လူသားတွေကို စက်တွေနဲ့ အလိုအလျောက် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ မျဉ်းနီကို ဖြတ်ကျော်မဲ့ အန္တရာယ်နဲ့ အခု နီးကပ်နေပြီ” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ မီယာဂျာနာ စပိုဂျာရစ်နဲ့ အတူ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
ယူကရိန်း၊ ဆူဒန်၊ ဂါဇာ၊ အီရန်နဲ့ ပင်လယ်ကွေ့တို့က ပဋိပက္ခတွေမှာ သုံးခဲ့တဲ့ AI အထောက်အကူပြု တစိတ်တပိုင်း အလိုအလျောက် ပစ်မှတ်ရှာတိုက်ခိုက်တဲ့ လက်နက်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးပွားလာနေချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေဟာ လာမဲ့အပတ်မှာ ဆွစ်ဇာလန်နိုင်ငံ မြို့တော် ဂျီနီဗာမှာ တွေ့ဆုံပြီး အလားအလာရှိတဲ့ စည်းမျဉ်းအသစ်တွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
စစ်သင်္ဘောတွေပေါ်က ဒုံးကျည်ကာကွယ်ရေးစနစ်တွေလိုမျိုး အပြည့်အဝ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ လက်နက်တွေကို စစ်တပ်တချို့က သုံးနေပြီဖြစ်ပေမဲ့ အခုအချိန်အထိ လူသား ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ သုံးခဲ့လားဆိုတာ မသိရသေးပါဘူး။
AI သုံးစနစ်တွေကို လုံလောက်အောင် ခန့်မှန်းနိုင်တာ ဒါမှမဟုတ် ထိန်းချုပ်နိုင်တာ မရှိသေးတာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ကြပြီး ဒဏ်ရာရသူ ဒါမှမဟုတ် လက်နက်ချတဲ့ စစ်သားကို မမှတ်မိတာလိုမျိုး အသက်အန္တရာယ်ရှိတဲ့ အမှားတွေ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။
ဒီလို အမှားတွေဖြစ်လာရင် အနာဂတ် စစ်ရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေကို တာဝန်ယူခိုင်းဖို့ ပိုခက်ခဲသွားမယ်လို့ သူတို့က ပြောပါတယ်။
ဂျီနီဗာမြို့တော်မှာ ၅ နှစ်တကြိမ်သာ ကျင်းပမဲ့ အဓိက ပြန်လည်သုံးသပ်ရေး ညီလာခံကို နိုဝင်ဘာလမှာ ကျင်းပဖို့ ပူးတွဲကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။
ကမ္ဘာ့နိုင်ငံတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) က အသက်အန္တရာယ် ရှိတဲ့ အလိုအလျောက် ပစ်မှတ်ရှာ ပစ်ခတ်နိုင်တဲ့ လက်နက်စနစ်တွေနဲ့ သက်ဆိုင်ကြောင်း သဘောတူကြပေမဲ့ အထူးသဖြင့် အဲဒီလို စနစ်တွေအတွက် စည်းနှောင်ထားတဲ့ နိုင်ငံတကာ စံနှုန်းတွေက မရှိသလောက် ရှားနေပါတယ်။
Source: Reuters











