
မြန်မာနိုင်ငံက တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းတွေက ထွက်ရှိလာတဲ့ အဆိပ်သင့် ညစ်ညမ်းမှုတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက ရေလမ်းကြောင်းအတွင်းကို စီးဝင်လာတာကြောင့် တရုတ်အစိုးအနေနဲ့ ချက်ချင်းတာဝန်ယူ ဖြေရှင်းပေးဖို့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ရက်တွေဟာ ဇူလိုင် ၈ ရက် ဘန်ကောက်မြို့ တရုတ်သံရုံးရှေ့မှာ စုဝေးတောင်းဆိုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ညှိနှိင်းရေးကော်မတီ (NGO-COD) နဲ့ မဟာမိတ်ပြည်သူ့ကွန်ရက်တွေက ဦးဆောင်ကျင်းပတဲ့ ဒီတောင်းဆို ဆန္ဒထုတ်ဖော်မှုမှာတော့ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ချင်းမိုင်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့စဉ် ရဲတပ်ဖွဲ့က တားဆီးရာမှာ လူ ၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ကိစ္စကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မျက်နှာဖုံးတွေကို တပ်ဆင်ထားပြီး အဆိပ်သင့် ညစ်ညမ်းနေတဲ့ ကော့မြစ်၊ စိုင်မြစ်၊ ရော့မြစ်နဲ့ မဲခေါင်မြစ်တွေရဲ့ မြစ်ရေတွေကို ထည့်ထားတဲ့ ပလတ်စတစ်ဘူးတွေ ကိုင်ဆောင်ထားကြပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေဟာ “ညစ်ညမ်းမှုမှာ နယ်နိမိတ်မရှိသလို တာဝန်ယူမှုမှာလည်း နယ်နမိတ်မရှိသင့်ပါ” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ “ဒါဟာ ထိုင်းနိုင်ငံ၊ တီယန်မင်ရင်ပြင် မဟုတ်” ဆိုတဲ့ စာသားတွေပါတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားကြပြီး နိုင်ငံဖြတ်ကျော် နိုင်ငံရေးဖိအားတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် လျစ်လျူရှုမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေကို မီးမောင်းထိုးပြခဲ့ကြပါတယ်။
တနှစ်ကျော်ကြာ ကာလအတွင်း ထိုင်းနိုင်ငံ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဦးစီးဌာနဟာ ထိုင်း မြောက်ပိုင်းက မြစ်တွေမှာ အာဆင်းနစ်၊ ခဲနဲ့ ကတ်မီယမ် အပါအဝင် အန္တရာယ်ရှိတဲ့ အဆိပ်သင့် ဓာတ်သတ္တုပါဝင်နေတာကို အကြိမ်ကြိမ် တွေ့ရှိခဲ့ရတာပါ။
သဘာဝပတ်ဝန်းကျင်ရေး အဖွဲ့အစည်းတွေနဲ့ သုတေသီတွေဟာ ဒီညစ်ညမ်းမှုတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က စည်းကမ်းမဲ့ ရွှေနဲ့ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းတွေကနေ ထွက်ရှိလာတဲ့ အဆိပ်သင့် ညစ်ညမ်းမှုတွေ ဖြစ်တယ်ဆိုတာကို စုံစမ်းတွေ့ရှိခဲ့ကြပါတယ်။
ဒီသတ္တုတွင်းအများစုဟာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ လည်ပတ်နေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခတွေကြား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မတည်ငြိမ်တဲ့ နယ်မြေတွေမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ဒီသတ္တုတွင်းတွေက ထွက်လာတဲ့ အဆိပ်သင့် ညစ်ညမ်းမှုတွေဟာ ချင်းမိုင်နဲ့ ချင်းရိုင်ခရိုင်တို့က မြို့နယ် ၈ ခုရဲ့ လယ်ယာလုပ်ငန်းတွေကို မှီခိုနေရတဲ့ အိမ်ထောင်စုပေါင်း ၂၀,၀၀၀ ကျော်ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီ အဆိပ်သင့် သတ္တုဓာတ်တွေဟာ ငါး၊ ဆန်စပါးနဲ့ သီးနှံတွေကတဆင့် ဒေသတွင်း အစာကွင်းဆက်တွေထဲ့လည်း ပျံ့နှံ့ဝင်ရောက်နေပါတယ်။
ထိုင်းအရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်တွေဟာ တရုတ်အစိုးရအနေနဲ့ သူတို့ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို စစ်ဆေးဖို့၊ မြန်မာနိုင်ငံက တင်သွင်းလာတဲ့ သတ္တုတွေရဲ့ မူလရင်းမြစ်တွေကို ခြေရာခံဖို့နဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကတဆင့် ထိုင်းကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ပူးပေါင်းပြီး အဆိပ်သင့်နေတဲ့ မြစ်တွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့နဲ့ ထိခိုက်ခံစားရတဲ့ ဒေသခံလူထုကို လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူတွေအပေါ် အင်အားအလွန်အကျွံသုံးခဲ့တဲ့ ထိုင်းရဲအရာရှိတွေကို တာဝန်ခံမှု ရှိစေဖို့နဲ့ ဥပဒေအရ အရေးယူပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီမြစ်ရေညစ်ညမ်းမှုတွေကြောင့် ကျယ်ကျယ်လောင်လောင် တိုက်တွန်းတောင်းဆိုမှုတွေကို တရုတ်သံရုံးဟာ သူတို့အနေနဲ့ သဘာဝပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေးကို လွန်စွာ အလေးထားပါတယ်လို့ မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ မြစ်ရေအရည်အသွေးဟာ ယေဘုယျအနေနဲ့ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိတယ်လို့ ဖော်ပြထားတာပါ။
ဒီထုတ်ပြန်မှုအပေါ် ထိုင်းပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ထိုင်းပညာရှင်တွေဟာ ဒီအဆိပ်သင့် သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း စုပုံလာပြီး ဒါဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက် ကြီးမားတဲ့ အန္တရာယ်တခုအဖြစ် တိတ်တဆိတ် ခြိမ်းခြောက်နေပြီလို့ သတိပေးထားကြပါတယ်။










