
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ၅၈ ကြိမ်မြောက် အာရှကာယဗလနဲ့ ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ မြန်မာကာယဗလအသင်းက ရွှေတံဆိပ် ၂ ခုနဲ့ ကြေးတံဆိပ် ၂ ခုကို ဆွတ်ခူးရရှိသွားပါတယ်။
အမျိုးသားအဆင့် ၆၅ ကီလိုတန်း ပြိုင်ပွဲမှာ အိမ်ရှင်ထိုင်း၊ မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့မှ ကစားသမား ၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာကစားသမား ဟိန်းဇော်လင်းက ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။
အမျိုးသား အရပ် ၁၇၀ စင်တီမီတာ ခန္ဓာကိုယ်အချိုးအစားပြိုင်ပွဲမှာတော့ အာဖဂန်နစ္စတန်၊ ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ မလေးရှား၊ လာအိုနဲ့ မော်လ်ဒိုက်နိုင်ငံတို့က ပြိုင်ပွဲဝင်ကစားသမားတွေကို ဖြတ်ကျော်ပြီး မြန်မာကာယဗလကစားသမား နေမျိုးထွဋ်က ရွှေတံဆိပ်ဆွတ်ခူးခဲ့တာပါ။
နောက်ထပ် အမျိုးသားအဆင့် ၆၅ ကီလိုတန်း ပြိုင်ပွဲမှာ မြန်မာအမျိုးသားအားကစားသမားဟာ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဟောင်ကောင်မှာ ကစားသမားတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ကြေးတံဆိပ် ၁ ခုကို ရရှိခဲ့ပါတယ်။
ဒီနေ့ယှဉ်ပြိုင်တဲ့ အမျိုးသမီး ကာယဗလနှင့် ခန္ဓာကိုယ်အလှပြိုင်ပွဲမှာတော့ အိမ်ရှင်ထိုင်း၊ မွန်ဂို၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်နိုင်ငံတို့မှ အားကစားသမားတွေနဲ့ ယှဉ်ပြိုင်ကြရာ မမိုးသက်ခိုင်က တတိယ ကြေးတံဆိပ် ဆွတ်ခူးရရှိတာပါ။
မြန်မာကစားသမား ဟိန်းဇော်လင်းဟာ အမျိုးသားအဆင့် ၆၅ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲမှာ အကောင်းဆုံးကိုယ်ဟန်ပြဆု (Best Poser 2026 Asia) ကို ရရှိခဲ့ပါတယ်။
အဆိုပါပြိုင်ပွဲကို အာရှကာယဗလအဖွဲ့ချုပ် (ABBF) ရဲ့ ကြီးကြပ်မှုနဲ့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး ဘန်ကောက်မြို့မှာ စက်တင်တာ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပနေတာဖြစ်ပြီး အာရှနိုင်ငံပေါင်း ၂၅ နိုင်ငံက အားကစားသမားတွေ ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။
မြန်မာနိုင်ငံ ကာယဗလနဲ့ ကာယကြံ့ခိုင်မှုအားကစားအဖွဲချုပ်က ပြိုင်ပွဲဝင်ကစားသမား ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုတံဆိပ် ၄ ခုကို ရရှိခဲ့တာပါ။
Source: MOI/ ABBF










