
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်တပ်က ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ တကြိမ်၊ ညနေ ၃ နာရီနီးပါးမှာ တကြိမ်၊ စုစုပေါင်း ၂ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို လေကြောင်းကနေ တိုက်ခိုက်လို့ လူသေဆုံးမှုရှိသလို ကားနဲ့ လူနေအိမ် ၄ လုံးထက်မနည်း မီးလောင်ပျက်စီးတယ်လို့လည်း ရွာသားတယောက်က ပြောပါတယ်။
“ဂျက်ဖိုက်တာ ၃ စင်း တပြိုင်တည်းတက်လာပြီး ကျွန်းလှမြို့နယ်ဘက်ကို ကျော်မောင်းသွားတာ။ ခဏနေတော့ ကျွန်းလှမြို့နယ်ဘက်ကနေ ကျနော်တို့ရွာဘက်ကို ပြန်ခေါက်လာပြီး ကြဲချတော့တာပဲ။ ကနဦး တစီးက ရွာအရှေ့ဘက် ရွာဆိုင်းဘုတ်အနီးကို ၂ လုံးကြဲချတာ။ အဲဒီ ၂ လုံးက ဆီဘောက်ဆာကားတစီးကို ထိမှန်ပြီး မီးလောင်တာ။ အဲဒီ ဆီဘောက်ဆာကားက ဆီတွေက အိမ်ပေါ်တွေကျပြီး လူနေအိမ် ၄ လုံးထက်မနည်း မီးလောင်သလို ပြည်သူ ၅ ယောက်ထက်မနည်း မစိုးရိမ်ရ ကျည်စထိမှန်ဒဏ်ရာတွေ ရခဲ့တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တခြားလေယာဉ် ၂ စင်းကလည်း ဗုံးသီး ၄ လုံး ကြဲချခဲ့သလို ဒုံးကျည်နဲ့လည်း ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ ယောက်နဲ့ ပြည်သူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရ ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ ယောက်ထဲက တယောက် ဒဏ်ရာပြင်းထန်ပြီး သေဆုံးခဲ့ တယ်လို့လည်း အဆိုပါရွာသားက ပြောပါတယ်။
ကံထူးမရွာကို မနက်ခင်း လာရောက်တိုက်ခိုက်တဲ့ လေယာဉ် ၃ စင်းဟာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လောဉ် ၂ စင်းနဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစင်းတို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တယောက်က “ညနေခင်းကတော့ PDF စခန်းဟောင်း တခုရဲ့ နေရာနဲ့ တခြားနေရာတခုကို ကြဲချသွားတာ။ ဗုံးသီးက ၄ လုံး။ ကံထူးမရွာနဲ့ တော့ နည်းနည်းဝေးတယ်။ အထိအခိုက်ကတော့ မရှိဘူး။ အဲဒီအစီးကလည်း ဗုံးသီး ၂ လုံး ကြဲချသွားတာပဲ” လို့ ပြောပါတယ်။
ညနေခင်း လာရောက်ကြဲချတဲ့ လေယာဉ် ၂ စင်းဟာ မိတ္ထီလာတက် ဂျက်တိုက်လေယာဉ် ဖြစ်ပါတယ်။
ကံထူးမရွာကို စစ်တပ်က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်ကလည်း အခုလို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးပြီး ၁၀ ယောက် ကျော် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။










