
ယီမင်နိုင်ငံမြို့တော် ဆာနားကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်ခဲ့လို့ လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၃၉ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဟူသီအုပ်စု ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ အာနီးစ် အယ်လ်-အက်စ်ဘာဟီက နိုဝင်ဘာ ၈ ရက်မှာ လူမှုကွန်ရက်ပေါ်ကနေ ရေးသားဖော်ပြပါတယ်။
ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆာနားမြို့အရှေ့ဘက်က အယ်လ်ရှာရီယာရွာကို ထိမှန်ခဲ့ပြီး လူနေအိမ်အများအပြား ပျက်စီးတဲ့အပြင် လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဟူသီအုပ်စုပိုင် အယ်လ်မာစီရာ ရုပ်သံလိုင်းက စနေနေ့မှာ သတင်းဖော်ပြပါတယ်။
ဆော်ဒီဘက်ကတော့ စွပ်စွဲချက်တွေကို မတုံ့ပြန်သေးပါဘူး။ တိုက်ခိုက်မှုတွေဖြစ်အပြီး မကြာမီမှာတင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ခဲ့ပေမဲ့ တိုးတက်မှု နှေးကွေးနေဆဲပါ။
သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ခန့်မှန်းခြေအားဖြင့် လူ ၆၀ ကျော် ရှိနိုင်ပါတယ်။ ဒီအဆောက်အအုံထဲမှာ ကလေး ၁၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက် ရှိနေခဲ့တာပါ။ အခုထိတော့ လူနည်းနည်းကိုပဲ ဆွဲထုတ်နိုင်သေးပြီး ၁၀ ယောက်ကျော်ကတော့ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေဆဲပါလို့ ကယ်ဆယ်ရေးလုပ်သား ဇာခါရီယာ အယ်လ်-ဂါဘီက စနေနေ့မှာ China Media Groupရဲ့ သတင်းထောက်ကို ပြောပါတယ်။
အင်တာဗျူးလုပ်ချိန်အထိ ဒီရွာဟာ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ခံခဲ့ရပြီးပါပြီ။ ကယ်ဆယ်ရေးလုပ်သားတွေနဲ့ အရပ်ဘက်ကာကွယ်ရေး ဝန်ထမ်းတချို့လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။
နောက်ဆုံး တိုက်ခိုက်မှုဖြစ်အပြီး တနာရီကျော် ကြာခဲ့ပေမဲ့ စစ်လေယာဉ်တွေ ပျံဝဲနေသံကို ကြားနေရဆဲဖြစ်လို့ ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းထားခဲ့ရပါတယ်။
စနေနေ့ ညနေပိုင်းမှာ ဟူသီ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက X လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။
သတင်းထုတ်ပြန်ချက်အရ ဆော်ဒီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆာနားမြို့တော်နဲ့ ယီမင်နိုင်ငံထဲက တခြားပြည်နယ် ၇ ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒုံးကျည်တိုက်ခိုက်မှုပေါင်း ၁၀၅ ကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်အများစု အပါအဝင် လူပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ပဋိပက္ခတွေ ပြင်းထန်လာချိန်ကစပြီး အခုနောက်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေအထိ ဆော်ဒီဘက်ကလုပ်ခဲ့တဲ့ လေကြောင်းစစ်ဆင်ရေး စုစုပေါင်း အရေအတွက်မှာ ၄,၃၆၉ ကြိမ် ရှိလာပြီလို့ ဟူသီပြောခွင့်ရက ပြောပါတယ်။
Source: Reuters











