DVB Logo
Home
မြန်မာသတင်း
မြိုင်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုအတွင်း စစ်သား ၄ ဦးထက်မနည်း သေဆုံး
DVB
·
June 25, 2026
Photo: မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့
Photo: မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့
Donate to DVB

မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ ဇွန် ၂၃ ရက် ညနေပိုင်းက စစ်တပ်ရဲ့ Mi17 ရဟတ်ယာဥ်ကို ဒရုန်း တွေနဲ့ တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက်ထက်မနည်း သေဆုံးကာ ရဟတ်ယာဥ်လည်း လုံးဝ ပျက်စီးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက “ကျနော်တို့ အတည်ပြုလို့ ရသလောက်တော့ စစ်တပ်ဘက်က အခြားအဆင့် ၄ ယောက်ထက်မနည်း သေတယ်။ ဒဏ်ရာရတဲ့သူ အရေအတွက်ကတော့ အတည်မပြုနိုင်သေးဘူး” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ရဟတ်ယာဥ် တိုက်ခိုက်ခံရတဲ့ နေရာဝန်းကျင်ကို စစ်တပ်ဘက်က ဇွန် ၂၄ ရက် မနက်ပိုင်း အထိ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြော ပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ တွင်းမပျူစောထီးကျေးရွာမှာရှိတဲ့ စာသင်ကျောင်းအနီးမှာ ပခုက္ကူ တပ်မ ၁၀၁ ဘက်ကနေ စစ်သားအင်အားနဲ့ ရိက္ခာတွေလာပို့တဲ့ စစ်တပ်ရဲ့ Mi17 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဥ်ကို ဇွန် ၂၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက် က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဟတ်ယာဥ် လုံးဝပျက်စီးသွားပြီး စစ်တပ်လက်အောက်ခံ တွေလည်း သေဆုံးခဲ့ကြကာ ပျက်စီးသွားတဲ့ ရဟတ်ယာဥ်ရဲ့ အစိတ်အပိုင်းတွေကို ဇွန် ၂၄ ရက် ညနေပိုင်းမှာ စစ်တပ်လက်အောက်ခံတွေဘက်က လာရောက် သယ်ဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။

ပေါက်မြို့နယ် ပကဖ ဒရုန်းအဖွဲ့တာဝန်ခံက “Mi17 ကို တိုက်ခိုက်မှုမှာ ဖရဲသီး သတင်းပေးတွေရဲ့ ဘယ်အချိန်တက်လာမယ်၊ ဘယ်လိုတက်လာမယ် ဆိုတာကအစ သတင်းပေးခဲ့မှုကြောင့် ကြိုတင်ပြင်ဆင် လုပ်ဆောင်နိုင်ခဲ့ကြတာပါ။ ပထမဦးဆုံး လုပ်ရတာကတော့ ပခုက္ကူ ၁၀၁ က ထွက်လာတဲ့ ဂျမ်ဘာကားပါတဲ့ ယာဥ်တန်းကို မဟာမိတ်အဖွဲ့တွေဘက်က လမ်းကနေ ဖြတ်တိုက်ခဲ့ ကြတာမှာ ကားကော ဂျမ်ဘာစက်တွေကော ပျက်စီးသွားတော့ အဲဒီယာဥ်တန်းက တွင်းမဘက်ကို အချိန်မီ ရောက်မလာနိုင်တော့တဲ့အခါမှာမှ ဆင်းလာတဲ့ Mi17 ကို ကျနော်တို့ဘက်က ညနေ ၃ နာရီ ကျော်လောက်မှာ FPV ဒရုန်း ပထမတစီးလွှတ်ပြီး ရဟတ်ယာဥ်ရဲ့ အမြီးအောက်ပိုင်းကို ဝင်ဆောင့်ခဲ့တာမှာ ဘီးတွေ ဒေါက်တွေ ကြိုးကုန်တယ်။ စက်လည်း သေသွားတယ်။ ဒါပေမဲ့ မသေချာမှာစိုးလို့ ဒုတိယအစီးထပ်လွှတ်ပြီး ရဟတ်ယာဥ်ရဲ့ ဦးပိုင်းကို ထပ်တိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ခိုက်နေတဲ့တချိန်လုံး ဖိုက်တာတွေ ဝဲနေတဲ့ကြားကနေ ဒီမစ်ရှင်ကို အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ကြပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပေါက် ပကဖ ဒရုန်းအဖွဲ့က ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေဖြစ်ကြတဲ့ MGY PDF၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း၊ ဗိုလ်စကားပြောက်ကျားတပ်ဖွဲ့၊ အညာဖိုက်တာ Local တပ်ဖွဲ့တွေက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်း သူက ဆက်ပြော ပါတယ်။

စစ်တပ်ရဲ့ အဆိုပါ Mi17 ရဟတ်ယာဥ်တိုက်ခိုက်မှုအတွင်း ပျက်စီးသွားတဲ့ ဒရုန်းတွေ ပြန်လည် ဖြည့်တင်း ဝယ်ယူနိုင်ဖို့အတွက်လည်း ပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့ တွေဘက်က တိုက်တွန်းထားပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက တွင်းမပျူစောထီးကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ နီးပါးရှိပြီး လူဦးရေ ၃,၀၀၀ နီးပါးရှိကာ ရွာခံတွေထဲမှာ ဌာနဆိုင်ရာဝန်ထမ်း အများအပြား ရှိနေသလို စစ်တပ် လက်အောက်ခံတွေလည်း အထိုင်ချ တပ်စွဲနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013