DVB Logo
Home
မြန်မာသတင်း
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပေါက်နှင့် မြိုင်က စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်
ဝေဝေ
·
November 12, 2026
မြိုင်မြို့နယ် စစ်ရှောင်ပြည်သူများ။ (Photo: အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)
မြိုင်မြို့နယ် စစ်ရှောင်ပြည်သူများ။ (Photo: အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)
Donate to DVB

မကွေးတိုင်း ပေါက်နဲ့ မြိုင်ဒေသက ကျေးရွာတွေမှာ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် အရေးပေါ် အမိုးအကာ၊ စောင်၊ အဝတ်အထည်၊ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီ၊ လယ်လန်းကျေးရွာ စတဲ့ကျေးရွာတွေကို ပခုက္ကူ တပ်မ ၁၀၁ နဲ့ ညောင်ဦးလေဆိပ်က တက်လာတဲ့ MI 35 လေယာဉ်တွေက ဆက်တိုက်ဆိုသလို ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ‌ ၄,၀၀၀ နီးပါး စစ်ရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူ ကိုလင်းခန့်က ပြောပါတယ်။

“လက်ရှိ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက တောတိုက်တွေထဲမှာ ဖြစ်သလို စစ်ရှောင်နေရတာမျိုး ဖြစ်တယ်ဗျ။ ဘာလို့လဲဆိုတော့ စစ်ကြောင်းက တောက်လျှောက် စစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကနေလည်း လေကြောင်းတိုက်ခိုက်မှုတွေက ပေါက်နဲ့ မြိုင်ဒေသဘက်ကို တောက်လျှောက်ရှိနေတာဆိုတော့ နေထိုင်စားသောက်ရေးတွေ၊ ပြီးတော့ ဆေးဝါးကုသရေးတွေမှာ အခက်အခဲ တော်တော်လေး ကြီးကြီးမားမား ကြုံရတယ်။ ဒါ့အပြင် ဒီကြားထဲမှာ ရာသီဥတုပေါ့နော်၊ ဒီဘက်မှာဆိုရင် မိုးသည်းထန်စွာ ရွာတာပေါ့နော်။ ဒီနေ့နဲ့ဆိုရင် တပတ်နီးပါးလောက် ရှိပြီဆိုတဲ့ အတွက်ကြောင့်မို့လို့ သွားလာရေးတွေကအစ တချို့နေရာတွေမှာဆိုရင် ကျနော်တို့ စစ်ရှောင်တွေကို ပံ့ပိုးကူညီဖို့အတွက် စားနပ်ရိက္ခာ ဝယ်ယူမှုတွေကစ ခက်ခဲနေတာမျိုးတွေအထိကိုတော့ ကျနော်တို့ ကြုံတွေ့နေရတာမျိုး ရှိတယ်ပေါ့ဗျာ။”

ဒါ့အပြင် မြိုင်တောင်ပိုင်းနဲ့ အနောက်ပိုင်းက ကျေးရွာ ၁၂ ရွာက လူပေါင်း ၁၀,၀၀၀ ကျော်ဟာလည်း စစ်ကြောင်းတွေ အချိန်မရွေး ဝင်လာနိုင်ချေကြောင့် ကျေးရွာတွေထဲ ပြန်မဝင်နိုင်သေးဘဲ တောတောင်တွေထဲ ဖြစ်သလို နေထိုင်နေရတာကြောင့် သက်ကြီးရွယ်အို သေဆုံးမှုတွေလည်း ရှိနေတယ်လို့ မြိုင်ဒေသခံ တယောက်ကလည်း ပြောပါတယ်။

“မြိုင်ဘက်မှာက စစ်ကြောင်းက ၂ နေရာ ရောက်နေတာ။ မြိုင်အနောက်ပိုင်းမှာ စစ်ကြောင်းတခု၊ အနောက်ပိုင်းမှာ စစ်ကြောင်းကတခု။ တောင်ပိုင်းကဆို ၇ ရွာလောက်ရှိတယ်။ အနောက်ပိုင်းကဆို ၅ ရွာလောက်ရှိတယ်။ မိုးရွာတာ ဒီနေ့ဆို သုံးရက်ရှိပြီ။ ဆက်တိုက်ရွာတာပဲ။ နေ့ရောညကို မိုးကစွေနေတာကိုး။ စားရေးသောက်ရေးလည်း ခက်ခဲတာပေါ့။ နောက် ရေပေါ့၊ ရေလည်း သူတို့မှာတော့ ခက်ခဲမှုရှိတယ်။ အခုဟာက မိုးရွာတဲ့အခါကျတော့ ရေက မသန့်တော့ဘူးလေ။ လတ်တလော အရေးပေါ် လိုအပ်တာကတော့ မိုးကာတို့ အနွေးထည်တို့ ဆန်ဆီတို့ပေါ့။ ကျနော်ကြားတာ စစ်ရှောင်ရင်းနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးကြောင့် အသက်ဆုံးရှုံးရတာ မျိုးလေးတွေ ရှိတယ်။ လူကြီးဆိုတော့ အာဟာရချို့တဲ့ပြီးတော့ပေါ့၊ နောက် ကျန်းမာရေး မကောင်းတာကို ဆေးဝါးအခြေအနေ မကုသနိုင်တာ၊ အဲလိုမျိုးလေးတွေကြောင့်မို့လို့ အသက်ဆုံးရှုံးရတာမျိုးလေးတွေတော့ ကျနော်တို့ ကြားရတာလေးတွေ ရှိပါတယ်။”

ပေါက်နဲ့ မြိုင်ဒေသမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုတွေကြောင့် သွားလာရေးခက်ခဲနေသလို တောတောင်တွေထဲမှာ ခိုလှုံနေရတာကြောင့် အမိုးအကာ၊ အနွေးထည်၊ အစားအသောက်နဲ့ ဆေးဝါးတွေကတော့ အရေးပေါ်လိုအပ်နေလို့ အကူအညီပေးကြဖို့ စစ်ရှောင်ကူညီနေသူတွေနဲ့ ဒေသခံတွေက မေတ္တာရပ်ခံထားကြပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013