DVB Logo
Home
မြန်မာသတင်း
သိန္နီ၌ MNDAA က အိမ်ထောင်စုစာရင်းနှင့် ဒေသခံမှတ်ပုံတင်ကတ်ပြား ပြုလုပ်ပေး
DVB
·
May 13, 2026
Photo: ဒေသခံတဦး
Photo: ဒေသခံတဦး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (Myanmar National Democratic Alliance Army-MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) နဲ့ ဒေသခံမှတ်ပုံတင်ကတ်ပြားတွေ တရွာချင်းစီ လိုက်လံ ပြုလုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “အိမ်ထောင်စုစာရင်းနဲ့ ဒေသခံမှတ်ပုံတင်ကို တပြိုင်တည်း လုပ်ပေးနေတယ်။ ဒေသခံကတ်တခုကို ကျပ် ၁၈,၀၀၀၊ အိမ်ထောင်စုစာအုပ်ကို ကျပ် ၆,၀၀၀ ပေးရတယ်။ အခု နမ့်စလပ်ရွာက ရွာခံတွေကို လုပ်ပေးနေပြီး တရက်ကို လူ ၁၀၀ ကျော်လောက် လုပ်ပေးနေတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီ ဒေသခံ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြားကို သိန္နီမြို့ရှိ အရင်က စစ်ကောင်စီ လဝကရုံးဟောင်းမှာ ပြုလုပ်ပေးနေပြီး ရွာတိုင်းမှာ နာမည်စာရင်း ကြိုတင်ကောက်ယူကာ ကောက်ယူထားတဲ့ စာရင်းအတိုင်း တိတိကျကျ ပြုလုပ်ပေးနေတယ်လို့ သူက ပြောပါတယ်။

သိန္နီမြို့နယ် နားတီးရွာက ဒေသခံအမျိုးသားတယောက်ကလည်း “မွေးသက္ကရာဇ် သိရင် ရပြီ၊ တခြား စာရွက်စာတမ်းတွေ ဘာမှ ယူလာစသရာ မလိုဘူး” လို့ ပြောပါတယ်။

လူဦးရေ ၁၀၀ ပြည့်ရင် ရွာတရွာအနေနဲ့ သိန္နီမှာ သွားလုပ်ရတာဖြစ်ပြီး လူဦးရေ ၁၀၀ မပြည့်ရင် တော့ တခြားရွာတွေနဲ့ ပေါင်းပြီး လုပ်ရမယ်လို့ ပြောကြောင်း သူက ဆိုပါတယ်။

MNDAA တပ်ဖွဲ့ဟာ မေ ၁ ရက်က နမ့်စလပ်ရွာမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒေသခံ မှတ်ပုံတင်ကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေကို တရွာပြီးတရွာ ပြုလုပ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ အဆိုအရ MNDAA က ဒေသခံမှတ်ပုံတင်ကတ်ပြားများကို မေလမတိုင်မီကတည်းက လောက်ကိုင်ဘက်မှာ စတင်ကာ အပိုင်းလိုက် ပြုလုပ်ပေးနေပြီး သိန္နီခရိုင်ပြီးပါက ကွတ်ခိုင်ခရိုင် ဘက်ကို  ဆက်လက် လုပ်ဆောင်သွားဖွယ်ရှိကြောင်း သိရပါတယ်။

MNDAA ထုတ်ပေးတဲ့ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံမှတ်ပုံတင်ကတ်ပြား ရှိပါက MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ် တရုတ်ဘက်ခြမ်းမှာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် လျှောက်ထားနိုင်ပြီး အဲဒီ နယ်စပ်ဖြတ်ကျောင်ခွင့်စာအုပ်နဲ့ တရုတ်ဘက်ခြမ်း နယ်စပ်ဒေသမှာ ရက်ပေါင်း ၁၅ ရက်အထိ နေထိုင်ခွင့်ရှိကြောင်း နယ်စပ်ဖြတ်ကျော်ခွင့် ပြုလုပ်ထားတဲ့ မုံးကိုးဒေသခံ တွေဆီက သိရပါတယ်။

အဲဒီစနစ်က နယ်စပ်တလျှောက် ဈေးရောင်းဈေးဝယ် လုပ်ကိုင်သူတွေအတွက် ပိုမို အဆင်ပြေပေမဲ့ တရုတ်ဘက်ခြမ်း နယ်စပ်မှာ အလုပ်လုပ်ကိုင်လိုသူတွေ အနေနဲ့တော့ ၁၅ ရက်တကြိမ် နယ်စပ် အထွက်တံဆိပ်တုံး ထုပြီးမှ ပြန်ဝင်ရလို့ ရေရှည်အလုပ်လုပ်ဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဟာ “၁၀၂၇ စစ်ဆင်ရေး” အပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်အောင် ဆောက်ရွက်ခဲ့ ပြီးနောက် ဒေသခံ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အုပ်ချုပ်ရေးတာဝန်ခံ ခန့်အပ်ခြင်းနဲ့ နယ်စပ် သွားလာခွင့် စနစ်တွေကို အဆင့်ဆင့် အကောင်အထည်ဖော်လာနေတာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013