နိုင်ငံရေးအရ ဖမ်းဆီးထောင်ချမှုတွေကို တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်တွေ မေ ၁၈ ရက်က ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကရာကာ့စ်မှာ လမ်းမပေါ်ထွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြလို့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာက ရုပ်သံမှတ်တမ်းတွေအရ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီး အဲဒီလို ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ဆန္ဒပြသူတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အသက် ၈၂ နှစ်အရွယ် မိခင်ဖြစ်သူ ကာမန် နာဗက်စ်ဟာ ဖမ်းဆီးခံထားရတဲ့ သားဖြစ်သူ အသက် ၅၀ အရွယ် ဗစ်တာကွာရိုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိခွင့်ရဖို့ လူထုကို လူသိရှင်ကြား တောင်းပန်တိုးလျှိုးခဲ့တာကြောင့် လူသိများသူတယောက် ဖြစ်ပါတယ်။
နာဗက်စ်ဟာ သားဖြစ်သူရဲ့ သတင်းအစအနလေး သိရနိုင်ဖို့ ၁ နှစ်နီးပါးကြာ အပူတပြင်း လိုက်လံရှာဖွေခဲ့ပြီးမှ သားဖြစ်သူဟာ အကျဉ်းထောင်ထဲမှာ သေဆုံးသွားပြီဖြစ်ကြောင်းကို သိခဲ့ရပြီးနောက်မှာ စိတ်နှလုံးကြေကွဲ ဆင်းရဲကာ ၁၀ ရက်အကြာမှာ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်တွေက မခံမရပ်နိုင်ဖြစ်ပြီး လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ အစိုးရရဲ့ ခြောက်လှန့်တိုက်ခိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးထားကြပြီး အစိုးရဘက်ကလည်း ဒီလိုလုပ်ရပ်တွေကို ခုထက်ထိ ဆက်လုပ်နေတုန်းပဲလို့ ဆိုပါတယ်။
အစိုးရက ဘယ်လိုပဲ ပိတ်ပင်တားဆီးပါစေ၊ သူတို့အလိုကျအတိုင်း အဆွဲခံမှာမဟုတ်ဘဲ လမ်းမပေါ်ထွက်ပြီး ဆက်လက်ဆန္ဒပြသွားမယ်လို့ ကျောင်းသားတွေနဲ့ လူငယ်တွေက ပြောပါတယ်။
အခုနှစ် အစောပိုင်းက သမ္မတ နီကိုးလပ်စ် မာဒူရိုနဲ့ ဇနီးတို့ကို ဖမ်းဆီးနိုင်ခဲ့တဲ့ အမေရိကန် စစ်ဆင်ရေးတခု အပြီးမှာ ဗင်နီဇွဲလားနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသားလို့ ယူဆရသူ ရာနဲ့ချီကို ပြန်လွှတ်ပေးဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတခုကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဗင်နီဇွဲလား အာဏာပိုင်တွေကတော့ သူတို့ဆီမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး ထိန်းသိမ်းထားတာ မရှိဘူးလို့ ရေရှည် ငြင်းဆိုလာခဲ့ပြီး ဖမ်းဆီးခံထားရသူ အားလုံးဟာ သာမန် ရာဇဝတ်မှုတွေကြောင့် အဖမ်းခံခဲ့ရတာလို့ ဆက်လက် ပြောဆိုထားပါတယ်။











