
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပျူစောထီးတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ဝင်ရောက်တိုက်ခိုက်နေသလို စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဧပြီ ၁၄ ရက်ကစလို့ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေ အထိုင်ချ တပ်စွဲထားတဲ့ သလဲဘာကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၁၄ ရက်ကစပြီး စစ်တပ်က အရာတော်မြို့နယ်ထဲကို ဂျိုင်ရိုကော်ပတာ၊ လေယာဥ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေသလို အသေခံဒရုန်း၊ ဟောင်ဝစ်ဇာတွေ အသုံးပြုပြီးတော့လည်း ပစ်ခတ်မှုတွေ ဆက်တိုက် လုပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမဖြစ်ပွားခင် မတ် ၃၀ ရက်ကနေ ဧပြီ ၂၂ ရက်အထိ အရာတော်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု အကြိမ် ၂၀၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတုန်းမှာလည်း စစ်တပ်က အရာတော်နယ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာနဲ့ အင်အားဖြည့်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့အကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
“မနေ့ကထိကို Y12 နဲ့ သူတို့ရဲ့ ပျူရွာတွေကို အထုပ်တွေ ချပေးတာရှိတယ်။ ရွှေဘိုကနေ လွှတ်လိုက်တဲ့ ဆူဆိုက်နဲ့ တိုက်ခိုက်မှုရှိတယ်၊ နေ့တိုင်းနီးနီးပေါ့နော်။ မတ်လ ၃၀ ရက်နေ့ကနေ မနေ့ကအထိ ၂၁ ရက်နေ့အထိပဲ တောက်လျှောက်၊ လေကြောင်းကနေ မလာဘူးဆိုရင်တောင် လက်နက်ကြီး ဟောင်ဝစ်ဇာတွေနဲ့ ပတ်ထုနေတာပဲ။ ဒရုန်းတွေနဲ့ ပတ်ဝဲကြည့်၊ တောထဲမှာ ပြည်သူ တွေက နေပူတော့ လှုပ်လှုပ်ရွရွဖြစ်၊ အဲဒါကို သူတို့တွေက PDF တွေထင်ပြီးတော့ ဗုံးလိုက်ချ၊ အဲဒါတွေ ဖြစ်နေတာပေါ့နော်။”
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်းမှာ ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာရတဲ့သူလည်း များတယ်လို့ ဆိုပါတယ်။
ဧပြီ ၂၁ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ စစ်ရေးအခြေအနေ အသေးစိတ်ကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် သလဲဘာ၊ ဆိတ်ဖြူကြီး၊ ငွေတွင်း၊ စပါးတွင်း၊ မင်းရွာအပါအဝင် ကျေးရွာ ၁၀ ရွာက ပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြား စစ်ဘေးရှောင်ရင်း စစ်ဘေးရှောင်တွေနေတဲ့ နေရာတွေကိုပါ ထပ်မံတိုက်ခိုက် နေတဲ့အကြောင်း စစ်ရှောင်တယောက်က ပြောပါတယ်။
“၁၃ ရက်နေ့လောက်က စပြီးတော့ ၂၁ ရက်နေ့အထိ နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိပါတယ်။ အများဆုံးကတော့ ၁၅ ရက်နေ့က ဖြစ်မယ်။ တနေ့ကို ပျမ်းမျှ ၄၊ ၅၊ ၆ ကြိမ်လောက် ရှိမယ်။ လာရင် ဝေါကနဲ ဝေါကနဲဆိုတော့ ကျမတို့လည်း အတိအကျ မရေနိုင်တော့ဘူး။ အဲဒီ ပြေးတဲ့ စစ်ဘေးရှောင်တွေကိုမှ အနောက်ကနေ လိုက်ပြီး လေကြောင်းတိုက်နေတာကျတော့ အကုန်လုံး ဒုက္ခတွေရောက်ပြီး ဟိုပြေးဒီပြေးနဲ့ ကလေးတွေလည်း စာတွေလည်းမသင်ရ၊ ကျောင်းတွေလည်း ပိတ်ရနဲ့ ဒုက္ခတွေကို များနေတာပဲ။”
စစ်ဘေးရှောင်တွေနေထိုင်တဲ့ နေရာတွေကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လိုက်ပြီး ဗုံးကြဲတဲ့ အတွက် စစ်ရှောင်တွေ ထိခိုက်ဒဏ်ရာရရှိကြပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရ သေးပါဘူး။
တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တဲ့ သလဲဘာကျေးရွာကို ဧပြီ ၂၀ ရက်က သိမ်းပိုက် လိုက်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။
သီရိ










