DVB Logo
Home
မြန်မာသတင်း
အရာတော်တိုက်ပွဲ၌ စစ်သား ၁၅ ဦး ထက်မနည်းသေ၊ တော်လှန်ရေးရဲဘော် ၁၀ ဦး ကျဆုံး
DVB
·
June 28, 2026
Photo : မှိုင်းဝေ
Photo : မှိုင်းဝေ
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲမှာ ဇွန် ၂၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အာဏာရှင်ဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀ ယောက်လည်း ကျဆုံးခဲ့ရလို လက်နက်ခဲယမ်းတချို့လည်း ဆုံးရှုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မုံရွာမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီနေ့မနက်က အရာတော်ရဲ့ အရှေ့ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲက နှစ်ဖက်အကျအရှုံးများကြတယ်” လို့ ပြောပါတယ်။

အရာတော်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ငွေတွင်းပျူစောထီးကျေးရွာကနေထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရွှေသဲဖြူဘုရအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

မုံရွာခရိုင်တခုရဲ့ တာဝန်ခံတယောက်က “ငွေတွင်းရွာဆိုတာ ပျူရွာဖြစ်ပြီးတော့ စစ်တပ် အထိုင်စခန်းလည်း ရှိတယ်။ အဲဒီအထိုင်စခန်းကနေ အင်အား ၅၀ ဝန်းကျင်လောက်ပါတဲ့ စစ်ကြောင်းက အရာတော် စခတ ၁၀ ကို ရိက္ခာပို့ထွက်လာကြတာ။ အဲဒါကို သတင်းကြိုရလို့ ကျနော်တို့ခရိုင်ထဲက ရင်း ၂ ရင်းပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲဖြစ်ချိန်မှာ ရန်သူ့ဘက်က ၁၅ ယောက်လောက် သေပြီးတော့ သေတဲ့သူတွေဆီက လက်နက်တွေ သွားကောက်တုန်း ရန်သူ့စစ်ကြောင်းတကြောင်းက နောက်ကနေ ပြန်အဝိုင်းခံရပြီး ပြန်တိုက်တာခံခဲ့ရတာမှာ ရဲဘော် ၁၀ ယောက် ကျခဲ့ကြတာ။ ဆုံးရှုံးသွားတဲ့ လက်နက်ခဲယမ်း​တွေက သူတို့ စစ်တပ်လော်ဘီတွေ တင်ထားတာတွေ မှန်တယ်လို့လည်း သိရတယ်။ ကိုယ့်ဘက်က ကြိုတင်သတင်းရလို့ သွားတိုက်ခဲ့ပေမဲ့ ကိုယ့်ကို ပြန်အတိုက်ခံရတဲ့ အခြေအနေဖြစ်သွားခဲ့တာပါ။ နောက်နောင် အခုလိုဖြစ်စဉ်မျိုးတွေမဖြစ်ရအောင် ကျနော်တို့ တော်လှန်ရေးရဲဘော်တွေအားလုံး နမူနာယူသင့်တယ်” လို့ DVB ကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေဟာ မုံရွာခရိုင်အတွင်း တပ်ရင်း ၂ ခုက ရဲဘော်တွေ ဖြစ်ကြပြီး ဈာပနကိစ္စတွေနဲ့ တခြားစစ်ရေးကိစ္စတွေကြောင့် သတင်းမထုတ်ပြန်နိုင်သေးတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဟာ အရာတော်မြို့နယ်အတွင်းမှာရှိကြတဲ့ ငွေတွင်းပျူစောထီးကျေးရွာ အပါအဝင် သလဲဘာ၊ ဆိပ်ဖူးကြီးနဲ့ စပါးတွင်းပျူစောထီးကျေးရွာတို့ကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ စစ်တပ်က လေကြောင်းပစ်ကူ အလွန်အကျွံ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးကျေးရွာတွေကို မသိမ်းပိုက်နိုင်ခဲ့ကြပေမဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သလို သုံပန်းတချို့ ဖမ်းဆီးရမိပြီး အလင်းဝင်လာသူတွေလည်း ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်မှုမှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013