
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲကို ဇူလိုင် ၁၄ ရက် ညနေပိုင်းမှာ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရောင်နီနွေဦး သတင်းမှန်ပြန်ကြားရေး တာဝန်ခံတယောက်က “ညနေ ၄ နာရီမထိုးခင်လောက်မှာ အရာတော်နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ ကံရင်းရွာထဲက လက်ဖက်ရည်ဆိုင်ကို စစ်တပ်ဘက်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံး ၃ လုံး ကြဲချသွားခဲ့လို့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သူ့ဗိုက်ထဲမှာရှိတဲ့ ကလေးတို့ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ အမျိုးသားတယောက်ကတော့ ဆေးကုသနေရင်း သေဆုံးသွားတာပါ။ နောက်ထပ် အမျိုးသားတယောက်လည်း စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရထားလို့ ဆေးကုသနေရဆဲပါ” လို့ ပြောပါတယ်။
အဆိုပါ ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီ ဂျိုင်ရိုကော်ပတာ ၃ စီးက မုံရွာ နမခ ထဲကနေ တက်သွားပြီး အရာတော်ဘက် ဗုံးသွားကြဲတာ။ ဗုံးကြဲပြီး ပြန်လာတော့လည်း တန်းပြန်မဆင်းသေးဘဲ မုံရွာနယ်ထဲက ရွာတွေပေါ်ကို ကင်းထောက်တဲ့သဘောမျိုးနဲ့ ဝဲပတ်နေသေးတာ” လို့ DVB ကို ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဥ် ကျူးလွန်နေတာလို့လည်း သူက ဆက်ပြောပါတယ်။
အရာတော်မြို့နယ်ဟာ မုံရွာခရိုင်အတွင်းမှာရှိပြီး အရာတော်မြို့နယ် အပါအဝင် မုံရွာခရိုင်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြု နေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










