
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ သလဲဘာပျူရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးတပ်တို့ ဧပြီ ၁၄ ရက်မှ ဧပြီ ၁၇ ရက်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သလဲဘာပျူရွာ အနီး ဒေသခံတွေနဲ့ တော်လှန်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
သလဲဘာရွာဟာ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့တွေ အထိုင်ချ တပ်စွဲထားတဲ့ရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရွာသားတယောက်က “သလဲဘာရွာမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိဆိုရင် ၄ ရက်အထိ ရှိပြီ။ စစ်တပ်က လေကြောင်းပစ်ကူတွေ နေ့ရော ညပါ လုပ်ပေးနေရတယ်။ နမခကနေ စက်တပ် လေထီးနဲ့ပါ တိုက်ခိုက်ပေးနေရတယ်။ လက်နက်ကြီးတွေလည်း ပစ်တယ်။ ကျနော်တို့ အနီးအနား ရွာက လူတွေအကုန် နေရပ်စွန့်ခွာနေကြရတာ။ လက်နက်ကြီးတွေက ကျနော်တို့ ရွာအထဲထိ ကျတာတွေ ရှိတယ်။ အိမ်တွေလည်း ပျက်စီးတယ်။ တိုက်ပွဲ မပြီးသေးတော့ ဘာမှ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရာတော်မြို့နယ်အတွင်းကို အခု ဧပြီလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့ အထိုင်စခန်းနဲ့ ဆေးရုံလို့ ယူဆရတဲ့နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အရာတော် ပကဖ သတင်းရင်းမြစ်တယောက်က “သတင်းပေးက အတိအကျ မဟုတ်ဘဲ ကျနော်တို့ အထိုင်စခန်းနဲ့ ဆေးရုံဆိုပြီး သတင်းအမှားတွေ လျှောက်ပေးလို့ လေကြောင်းကနေ လာပစ်တာတွေ ရှိတယ်။ အဲဒီလို ပစ်လို့ အရပ်သားနဲ့ အိမ်မွေး ကျွဲ၊ နွားတွေ သေဆုံးတာတွေလည်း ရှိတယ်။ သူတို့က အဲဒီလိုမျိုး မတိကျဘဲ တိုက်ခိုက်လို့ ကျနော်တို့ကလည်း သူတို့ အထိုင်စခန်းကို ဝင်ရောက် စခန်းသိမ်းနေတာ။ စခတွေ အထိနာတယ်။ အဲဒီလို အထိနာလို့ လေကြောင်းကနေ နေ့ရောညပါ ပစ်ကူနေတာ။ လတ်တလော အခြေအနေအရကတော့ နှစ်ဖက် အကျအဆုံး ပြောလို့ မရသေးဘူး” လို့ DVB ကို ပြောပါတယ်။
သလဲဘာရွာတိုက်ပွဲကြောင့် အနီးအနားမှာရှိတဲ့ ဆင်တလည်၊ ကဲဘာ၊ မင်းရွာ၊ နွားမသင်း စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ သင်္ကြန်အချိန်အခါမှာ သင်္ကြန်အတွင်း ဥပုသ်သီလ မစောင့်ထိန်းနိုင်ကြဘဲ စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။










