
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ အခုနှစ်အတွင်း အဆိပ်မှိုစားမိလို့ လူပေါင်းရာချီ ဖျားနာခဲ့ပြီးနောက် မိုးရာသီကာလအတွင်း တောမှိုတွေ ရှာဖွေခူးဆွတ်တာနဲ့ စားသုံးတာတွေကို အထူးသတိထားကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးနှိုးဆော်ထားတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နခွန်ရတ်ချ်ဆီးမား ခရိုင်ရှိ အမှတ် (၉) ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆိုင်းလပ်ဖင်ခေါင်က မိုးရာသီမှာ စားသုံးနိုင်တဲ့ တောမှိုတွေရော အဆိပ်ရှိမှိုတွေပါ သဘာဝအတိုင်း အမြောက်အမြား ပေါက်ရောက်လေ့ရှိကြောင်း ပြောပါတယ်။
အဆိပ်ရှိမှိုတချို့ဟာ အထူးသဖြင့် ငုံနေသေးတဲ့ အရွယ်ငယ်စဉ်အခါမှာ စားသုံးနိုင်တဲ့ မှိုတွေနဲ့ အလွန်တူညီတာကြောင့် မသိရှိတဲ့ မှိုတွေကို မစားကြဖို့နဲ့ ဘေးကင်းမှု ရှိ၊ မရှိ မသေချာတဲ့ မှိုတွေကို ခူးဆွတ်ခြင်း၊ ဝယ်ယူခြင်းနဲ့ စားသုံးခြင်းတို့ မပြုလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
အထူးသတိထားရမဲ့ မှိုတွေမှာ စားသုံးနိုင်တဲ့ အဖြူရောင် Amanita မှိုတွေနဲ့ ဆင်တူတဲ့ အဆိပ်ရှိ အာမနီတာ မှိုမျိုးစိတ်တွေအပြင် စားသုံးနိုင်တဲ့ မှိုတွေနဲ့ မှားယွင်းနိုင်တဲ့ တခြားအဆိပ်ရှိမှို အမျိုးအစားတွေလည်း ပါဝင်ပါတယ်။
မှိုတမျိုးဟာ ဘေးကင်းမှု ရှိ၊ မရှိ ဆုံးဖြတ်ရာမှာ မှိုရဲ့ ပုံသဏ္ဌာန်၊ အရောင် ဒါမှမဟုတ် အရင်အတွေ့အကြုံတွေနဲ့ ရှေးရိုးစဉ်လာ နည်းလမ်းတွေပေါ်မှာ ယုံကြည်ပုံအပ်ပြီး မစားသုံးကြဖို့လည်း ဒေါက်တာဆိုင်းလပ်က သတိပေးခဲ့ပါတယ်။
ဥပမာ မှိုကို ဆန်၊ ကြက်သွန်နီ ဒါမှမဟုတ် ကြက်သွန်ဖြူတို့နဲ့အတူ ပြုတ်ကြည့်ပြီး အရောင်ပြောင်းလဲမှုကို စစ်ဆေးခြင်း၊ ဟင်းချက်အိုးထဲသို့ ငွေဇွန်း သို့မဟုတ် ငွေထည်ပစ္စည်းတွေ နှစ်ကြည့်ခြင်း၊ မှိုတွေကို အင်းဆက်နဲ့ သတ္တဝါတွေ ကိုက်စားထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း စတဲ့ နည်းလမ်းတွေဟာ မှိုမှာ အဆိပ်ပါ၊ မပါ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
အဆိပ်ရှိ မှိုတချို့ရဲ့ အဆိပ်အတောက်တွေဟာ အပူဒဏ်ကို ခံနိုင်ရည်ရှိလို့ ချက်ပြုတ်ရုံနဲ့ အဆိပ်ကို ဘေးကင်းသွားစေနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ကူးစက်ရောဂါဗေဒအဖွဲ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာ ၂၁ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ မှိုအဆိပ်သင့်မှုပေါင်း ၃၃၅ မှု ဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ချိုင်ယဖုမ်းခရိုင်မှာ အဆိပ်သင့်မှု ၁၈၈ မှုနဲ့ သေဆုံးသူ တယောက်နဲ့ အများဆုံး စံချိန်တင်ခဲ့ပြီး၊ စူရင်ခရိုင်မှာ ၆၅ မှု၊ ဘူရီရမ်ခရိုင်မှာ ၅၈ မှုနဲ့ နခွန်ရတ်ချ်စီမာ ခရိုင်မှာ ၂၄ မှု အသီးသီး ရှိခဲ့ပါတယ်။
လူနာအများစုမှာ သီးနှံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့ စိုက်ပျိုးရေး လုပ်သား အမျိုးသမီးတွေ ဖြစ်ကြပြီး အသက် ၆၅ နှစ်နဲ့ အထက်လူကြီးပိုင်းမှာ အများဆုံး ဖြစ်ပွားခဲ့ကာ ဒုတိယအများဆုံးမှာ အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြား ဖြစ်ကြပါတယ်။
မှိုစားပြီးနောက် ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရပါက စောင့်မကြည့်ဘဲ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း သွားရောက်ပြသကြဖို့ ဒေါက်တာ ဆိုင်းလပ်က တိုက်တွန်းပါတယ်။
လူနာတွေအနေနဲ့ ဘယ်လိုမှိုကို စားသုံးခဲ့တယ်ဆိုတာကို ကျန်းမာရေးဝန်ထမ်းတွေကို တိကျစွာ ပြောပြဖို့နဲ့ ရောဂါရှာဖွေရာမှာ အထောက်အကူပြုနိုင်ဖို့ စားမိတဲ့ မှိုတွေ ဒါမှမဟုတ် မှိုရဲ့ ဓာတ်ပုံကို ယူဆောင်လာသင့်တယ်လို့ ဆိုပါတယ်။
အဆိုပါ မှိုတွေကို တနေရာတည်းမှာ စားသုံးခဲ့ကြသူတွေကိုလည်း သတင်းပေးပို့သင့်ပြီး မိမိတို့ကိုယ်တိုင် ရောဂါလက္ခဏာတွေ ရှိမရှိ စောင့်ကြည့်ဖို့ အကြံပြုရမှာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ စိုက်ပျိုးရေးစခန်းတွေက ထွက်ရှိတဲ့ မှိုတွေကိုသာ ဝယ်ယူစားသုံးကြဖို့နဲ့ မသိရှိတဲ့ တောမှိုတွေကို ခူးဆွတ်တာ၊ စားသုံးတာတွေ ရှောင်ကြဉ်ကြဖို့လည်း အကြံပြုထားပါတယ်။
ဓာတုဗေဒဆေးဝါးတွေ သုံးစွဲထားတဲ့နေရာတွေက မှိုတွေကို ခူးဆွတ်တာ၊ မှိုတွေကို အစိမ်း ဒါမှမဟုတ် မကျက်တကျက် စားသုံးတာနဲ့ တောမှိုတွေကို အရက်သေစာနဲ့ တွဲဖက်စားသုံးတာကို မပြုလုပ်ဖို့လည်း သတိပေးထားပါတယ်။
မှိုစားပြီးနောက် ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ ခံစားရပါက ဆေးကုသမှုကို ချက်ချင်း ခံယူဖို့ အသေးစိတ် အချက်အလက်တွေကို ရောဂါထိန်းချုပ်ရေးဦးစီးဌာနရဲ့ ဟော့လိုင်းနံပါတ် ၁၄၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod











