DVB Logo
Home
Lead Story
ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ ပင်လယ်ပြင်၌ သေဆုံးမှု စံချိန်တင်မြင့်တက်
DVB
·
April 19, 2026
Photo: REUTERS/Mohammad Ponir Hossain/File Photo
Photo: REUTERS/Mohammad Ponir Hossain/File Photo
Donate to DVB

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပင်လယ်ဖြတ်ခရီးစဉ်တွေမှာ ၂၀၂၅ ခုနှစ်အတွင်း သေဆုံးမှုအရေအတွက် စံချိန်တင် မြင့်တက်လာတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)   ပြောရေးဆိုခွင့်ရှိသူ ဘာဘာဘလိုချ်က  ဧပြီ ၁၇ ရက်က ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၉၀၀ လောက် ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးခဲ့ကြောင်း၊ ခန့်မှန်းခြေ ရိုဟင်ဂျာ လှေစီးဒုက္ခသည် အယောက်  ၆,၅၀၀ လောက်ထဲက ၇ ယောက်မှာ ၁ ယောက်ဟာ ပင်လယ်ဖြတ်ခရီးစဉ်အတွင်း ပျောက်ဆုံး ဒါမှမဟုတ် သေဆုံးခဲ့တယ်လို့ တွက်ပြပါတယ်။

ဒါဟာ ကမ္ဘာတဝန်း ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူတွေရဲ့ ပင်လယ်ခရီးစဉ်တွေအတွင်း သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်တယ်လို့ ဘာဘာဘလိုချ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေဟာ လုံခြုံရေးနဲ့ အခွင့်အလမ်းတွေကို ရှာဖွေဖို့ လူတွေ ပြည့်နှက်နေတဲ့ လှေတွေပေါ်မှာ အသက်အန္တရာယ်ကို စွန့်လွှတ်ကာ ခရီးထွက်နေကြတယ်လို့ UNHCR က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေထဲမှာ အလွန်ဆင်းရဲနွမ်းပါးတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ မလေးရှား၊ အင်ဒိုနီးရှား ထိုင်းနိုင်ငံနဲ့ တခြားတတိယနိုင်ငံတွေမှာ လုံခြုံရေးနဲ့ အခွင့်အလမ်းတွေ ရှာဖွေဖို့ မျှော်လင့်ချက်နဲ့ ပင်လယ်ပြင်ကနေ စွန့်စားပြီထွက်ခွာနေကြတာ ဖြစ်ပါတယ်။

ပင်လယ်ဖြတ်ကို ဖြတ်သွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေထဲက တဝက်ကျော်မှာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ UNHCR က ပြောကြားပါတယ်။

ဇန်နဝါရီမှ ဧပြီ ၁၃ ရက်အထိ ရိုဟင်ဂျာ ၂,၈၀၀ ကျော်ဟာ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို သွားခဲ့ကြတယ်လို့ ဘာဘာဘလိုချ်က ပြောပါတယ်။

အခုဧပြီလအတွင်းမှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ အပါအဝင် စုစုပေါင်း လူအယောက် ၂၅၀ လောက် တင်ဆောင်လာတဲ့ စက်လှေတစင်းဟာ မလေးရှားနိုင်ငံကို သွားရောက်စဉ် ကပ္ပလီပင်လယ်ထဲမှာ နစ်မြုပ်ပြီး ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တို့က ဧပြီ ၁၅ ရက်မှာ ပူးတွဲထုတ်ပြန်ထားပါတယ်။ 

ဘာဘာဘလိုချ်က “ဒီစိတ်မကောင်းစရာကောင်းပြီး ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေ ဆက်လက်ဖြစ်ပွားနေတယ်၊ ရိုဟင်ဂျာလူထုအတွင်း အလွန်အမင်း မျှော်လင့်ချက်ကင်းမဲ့မှုကို ပြသနေတယ်”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်လောက်အတွင်းမှာ  ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ လောက်ဟာ ပင်လယ်မှာ နစ်မြုပ်သေဆုံးခဲ့ကြတယ်လို့လည်းခန့်မှန်းထားပါတယ်။

ဘာဘာဘလိုချ်က “ဒါကြောင့် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်ဟာ များပြားလှတဲ့ အားနည်းနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမှတ်အသားမရှိတဲ့ သင်္ချိုင်းကြီးတခုလို ဖြစ်လာနေပြီ”လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ်လောက်ကစပြီး ရိုဟင်ဂျာဒုက္ခသည် ၂၀၀,၀၀၀ လောက်ဟာ  အန္တရာယ်များတဲ့ ပင်လယ်ခရီးစဉ်တွေကို အသက်အန္တရာယ်ကို စွန့်လွှတ်ကာ သွားလာခဲ့ကြပြီး ဖိနှိပ်မှုတွေနဲ့ ဒုက္ခတွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်တုန်းက လူမျိုးတုံးသတ်ဖြတ်မှုလို့ နိုင်ငံတကာက စွပ်စွဲထားတဲ့  မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြပြီး  အခုအချိန်အထိလည်း မြန်မာနိုင်ငံမှာ လုံခြုံမှု မရှိသေးလို့ နေရပ် မပြန်နိုင်ကြသေးပါဘူး။  

ရိုဟင်ဂျာဒုက္ခသည် အများစုက အခြေအနေတွေ ကောင်းမွန်လာပြီး လွတ်လပ်စွာ၊ ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာနဲ့ ပြန်လည်နေထိုင်နိုင်မဲ့ အချိန်ရောက်လာရင် မြန်မာနိုင်ငံကို ပြန်လိုကြပေမဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမရနိုင်တဲ့ အခြေအနေတွေကြောင့် သူတို့အတွက် မျှော်လင့်ချက် အလွန်နည်းပါးနေတယ်လို့  ဘာဘာဘလိုချ်က အလေးပေး ပြောပါတယ်။

“ဘယ်သူမှ သူ့မိသားစုကို အသက်ရှင်ကျန်နိုင်ခြေ နည်းပါးတဲ့ အန္တရာယ်များတဲ့ လှေပေါ်တင်ပြီး မထွက်ခွာချင်ကြပါဘူး။ ဒါဟာ အလွန်အမင်း မျှော်လင့်ချက်မရှိတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိဘူးဆိုရင် လူများစွာ အသက်ဆုံးရှုံးနိုင်တယ်လို့ စိုးရိမ်ပါတယ်။”

မြန်မာနိုင်ငံအတွင်း၊ ဒုက္ခသည်စခန်းတွေနဲ့ ဒေသအနှံ့အပြားမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို စာနာနားလည်ကာ အတူတကွ ဖြေရှင်းလုပ်ဆောင်ကြဖို့  မျှော်လင့်တဲ့အကြောင်းနဲ့ ဒီလိုမလုပ်ဆောင်ပါက အခု ၂၀၂၆ ခုနှစ်ဟာလည်း ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ သေဆုံးမှုများပြားတဲ့ နှစ်တနှစ် ထပ်ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013