
ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ဝိုင်းဝန်းပါဝင် ကူညီပေးကြဖို့နဲ့ လူသားချင်းစာနာမှု ရန်ပုံငွေတွေ ဖြည့်တင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီ ဘစ်ရှော့က တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပြင်ပ နောက်ဆက်တွဲ ရိုဟင်ဂျာအရေး အဆင့်မြင့်အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ အကြီးမားဆုံးအုပ်စုဖြစ်တဲ့ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေအပေါ် ကမ္ဘာ့အာရုံစိုက်မှုကို ဆက်ထိန်းထားနိုင်ဖို့ မဖြစ်မနေ လိုအပ်တယ်၊ ၂၀၁၇ ခုနှစ် အစုလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရမှုဟာ ၁၀ စုနှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပြီး လက်ရှိမှာ လူဦးရေ ၁ ဒသမ ၂ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ဘေးကင်းလုံခြုံမှုကို ရှာဖွေနေကြတယ်၊ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းအတွင်း နှစ်စဉ် ကလေးငယ် ၃၀,၀၀၀ ကျော် မွေးဖွားနေကြပြီး နေရပ် ဘယ်အချိန် ပြန်နိုင်မယ် မသိကြရသေးဘူးလို့ ဂျူလီ ဘစ်ရှော့က ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အစားအသောက် အကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး အကူအညီ၊ လိင်ပိုင်းအကြမ်းဖက်မှု ကြုံတွေ့နေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အတွက် အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေ လျော့နည်းနေတဲ့အပြင် သဘာဝဘေးအန္တရာယ် ပြင်ဆင်ရေးအတွက် ရန်ပုံငွေနည်းပါးနေပြီး ပြီးခဲ့တဲ့နှစ် မုတ်သုံရာသီ ရုတ်တရက် ရေကြီးမြေပြိုမှု အန္တရာယ်ဆိုးတွေ ကျရောက်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စခန်းတွေထဲမှာ အထူးသဖြင့် ကလေးငယ်တွေအကြား သေကြောင်းကြံစည် ကြိုးပမ်းမှု စံချိန်တင် မြင့်မားနေတာကို အလွန်စိုးရိမ်ပူပန်တယ်လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ အရပ်သားတွေဟာ လေကြောင်းမှ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်ပစ္စည်းတွေ အန္တရာယ်၊ အိုးအိမ်စွန့်ခွာရမှု၊ အတင်းအကျပ် စစ်သားစုဆောင်းခံရမှု၊ မတရားဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ တခြား ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ကျန်ရှိနေသူတွေဟာ မြန်မာစစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေမှာ ပိတ်မိနေကြပြီး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှု ရရှိရေးမှာ ကန့်သတ်ခံထားရသလို လတ်တလောဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါ ကူးစက်မှုကြောင့် ရိုဟင်ဂျာတွေကို နေရပ် အတင်းအကျပ် ပြန်မပို့သင့်ဘူးလို့ အကြံပြုပါတယ်။
ဂျူလီ ဘစ်ရှော့က “ကျမ လာမဲ့လ နောက်ထပ်တကြိမ် သွားရောက်မဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် ရိုဟင်ဂျာ အသိုက်အဝန်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်။ အပြည်ပြည်ဆိုင်ရာ ပံ့ပိုးကူညီမှု၊ အာရုံစိုက်မှုနဲ့ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ထိန်းသိမ်းထားရမယ်။ အလှူရှင်တွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ လိုအပ်ချက် ကွာဟချက်ကို ဖြည့်ဆည်းပေးဖို့ ကူညီပေးရမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့၊ အာဆီယံ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ပဋိပက္ခမှ ထွက်ပြေးလွတ်မြောက်လာသူတွေကို အကာအကွယ်ပေးဖို့ အဓိကကျတယ်။ ဒေသတွင်း၊ OIC နဲ့ တခြား အပြည်ပြည်ဆိုင်ရာ မိတ်ဖက်တွေ အပါအဝင် ခေါင်းဆောင်တွေနဲ့ ဆုံးဖြတ်ချက် ချမှတ်သူတွေအနေနဲ့ ရိုဟင်ဂျာ ပြည်သူတွေနဲ့အတူ စာနာထောက်ထားစွာနဲ့ ရေရှည်ခိုင်မြဲတဲ့ ဖြေရှင်းနည်းတွေကို ပံ့ပိုးပေးဖို့ ကုလသမဂ္ဂနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ လွတ်လပ်စွာ ဝင်ရောက်ကူညီခွင့်ရရှိဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးဆီကို လွှမ်းခြုံပါဝင်တဲ့ လမ်းကြောင်းတခု ဖန်တီးဖို့လည်း အထူးသံတမန်က တောင်းဆိုသွားပါတယ်။










