DVB Logo
Home
မြန်မာသတင်း
အမေရိကန်နှင့် ဆက်ဆံရေး တည်ဆောက်ရန် ထရမ့်ပ်၏မိတ်ဆွေကို စစ်တပ် ငှားရမ်း 
DVB
·
May 3, 2026
Photo: US embassy 
Photo: US embassy 
Donate to DVB

အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မိတ်ဆွေဖြစ်တဲ့ လော်ဘီပညာရှင် ရော်ဂျာစတုန်းကို မြန်မာစစ်အာဏာရှင်က ငှားရမ်းထားတယ်လို့ Bloomberg သတင်းမှာ ဖော်ပြပါတယ်။

ရော်ဂျာစတုန်းဟာ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်သွားမယ်လို့ တရားရေးဝန်ကြီးဌာနရဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားကြောင်း ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အရပ်သားအစိုးရအသွင်ပြောင်းပြီးနောက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ တရားဝင်အသိမှတ်ပြုမှုရဖို့အတွက် အခုလို လုပ်ဆောင်လာတာလို့ နိုင်ငံတကာအရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

လက်ရှိစစ်အာဏာရှင်နဲ့ နီးစပ်သူတွေကတော့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ အပါအဝင် အာဆီယံနိုင်ငံတချို့နဲ့ ဆက်ဆံရေးပြေလည်ပေမဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးပြေလည်ချင်တာကြောင့် အခုလို လော်ဘီငှားရမ်းတာလို့ ဆိုကြပါတယ်။

လက်ရှိစစ်အာဏာရှင်အစိုးရအနေနဲ့ ဘာကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးပမ်းလာတာပါလဲ။ အရပ်သားအစိုးရ အသွင်ပြောင်းထားတဲ့ စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာရဲ့ တရားဝင်အသိမှတ်ပြုမှုရဖို့အတွက် ရတဲ့နည်းလမ်းတွေနဲ့ ကြိုးပမ်းလာတာလို့ လူ့အခွင့်အရေးရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

“နံပါတ်တစ် သူတို့ မျှော်လင့်တာက တရားဝင်မှု၊ ဒီအရပ်သားအစိုးရမတိုင်မီမှာပဲ သူတို့ဟာသူတို့ အသွင်ပြောင်းပေါ့၊ အဲဒီအတိုင်ခင်လေးမှာပဲ Soy bean ကုန်သွယ်မှုစာချုပ်ချုပ်တဲ့ဟာ လုပ်ခဲ့တယ်။ အဲဒါကို သူတို့က တအားကို ဒါကို high light လုပ်ပြီးတော့မှ နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုကို ဘယ်ထောင့်ကနေမဆို သူတို့ရဖို့ကြိုးစားတယ်ဆိုတာ မြင်ရတယ်။ အဲဒါကြောင့်မို့ သူတို့  ဒီလော်ဘီကို ငှားတယ်လို့ မြင်တယ်။ နံပါတ်တစ်ကတော့ အသိမှတ်ပြုမှု၊ တခုမဟုတ်တခု ဘာကြောင့်ရယ်ပဲဖြစ်ဖြစ် ဆက်ဆံရေးကို သူတို့က လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဝင်မှုနဲ့ အသိမှတ်ပြုမှုမလာခင်မှာ ဘာရှိဖို့လိုလဲဆိုတော့ ဆက်ဆံရေးတခု လိုတာကို။ အဲဒီအတွက် ဆက်ဆံရေးအတွက်ကို လုပ်တယ်လို့ ထင်တယ်။ အဲဒီအတွက်ကို သူတို့ မျှော်လင့်တယ်။”

အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြန်ကောင်းချင်တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၅ ခုနစ်တုန်းကလည်း အမေရိကန် လော်ဘီလုပ်ငန်းတခု ဖြစ်တဲ့ DCI Group ကို တနှစ်ကို ကန် ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းခဲ့ဖူးပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ မိတ်ဆွေ ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ငှားရမ်းလိုက်တယ် ဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရသေးပေမဲ့ မြန်မာအနေနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးပြေလည်ချင်ကြောင်း လက်ရှိစစ်အာဏာရှင်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (ဘူးလက်လှဆွေ) က ပြောပါတယ်။

“အခုကတော့ ဘယ်လိုခေါ်မလဲဆိုတော့ အားလုံးနဲ့ ပြေလည်စေချင်တယ်။ အဓိက ဘာဖြစ်နေလဲဆိုတော့ အရှေ့အုပ်စုကတော့ ဘာမှပြဿနာမရှိဘူး။ အနောက်အုပ်စုကတော့ ကျနော်တို့ကို ဆန်ရှင်တွေ ချထားတာရှိတယ်လေ။ USA ကလည်း ချထားတယ်။ EU ကလည်း ချထားတယ်။ အဲဒါတွေ ပါတာပေါ့။ အဲဒီဆန်ရှင်တွေ ချထားတာက ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အန္တရာယ်ရှိတယ်။ အနှောင့်အယှက် ရှိတယ်ပေါ့နော်။ ငွေချေးဖို့က အစပေါ့၊ IMF တို့ ဘာတို့ကအစ ငွေချေးဖို့က အဟန့်အတား ဖြစ်နေတယ်။ ဒါတွေကို release ဖြစ်ဖို့ လိုအပ်တယ်လို့ မြင်လို့ ဒီလိုမျိုး ချဉ်းကပ်တယ်လို့ ကျနော် ထင်တယ်ဗျ။”

မြန်မာစစ်တပ်ဟာ အာဏာသိမ်းစတုန်းကလည်း ကနေဒါ Lobby Firm Dickens and Madson က အစ္စရေးသူလျှိုဟောင်း Ari Ben Menashe ကိုလည်း ကန် ဒေါ်လာ ၂ သန်းပေးပြီး ငှားရမ်းခဲ့ဖူးပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အရပ်သားအသွင်ပြောင်း စစ်အာဏာရှင်အစိုးရက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ တရားဝင်အသိမှတ်ပြုမှုရဖို့အပြင် စစ်ခေါင်းဆောင် အပါအဝင် လူ ၂၀၀ ကျော်ကို အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ဖြေလျှော့စေဖို့ အခုလို ကြိုးပမ်းတာဖြစ်ကြောင်း ထောက်ပြနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013