
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို ကျပ် ၅၀၀ အထိ တိုးမြှင့်ကောက်ခံနေတယ်လို့ ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
YRTC က ၄၀၀ ကျပ်ပဲ သတ်မှတ်ကောက်ခံခိုင်းပေမဲ့ ယာဉ်လိုင်းတွေကတော့ ယာဉ်ပြင်ဆင်ခစရိတ် ကြီးမြင့်လာတာတွေကြောင့် ၅၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံတာလို့ သိရပါတယ်။
YBS စီးခရီးသည်တယောက်က “အခုကားခက ၅၀၀ ပေးရတယ်။ အကြွေ ၄၀၀ ပေးစီးရင် ၁၀၀ ထပ်တောင်းတယ်။ ဘာလို့လဲမေးတော့ ကားခက ၅၀၀ ဖြစ်သွားပြီတဲ့။ ကားက တဆင့်တည်းရောက်ရင် တမျိုး၊ တချို့နေရာတွေဆို အဆင်မပြေဘူး။ ရတဲ့လစာက ကုန်ဈေးနှုန်းတွေတက်လို့ ကုန်တာကတမျိုး၊ ကားခကပါထပ်တက်တော့ ဘယ်လို အဆင်ပြေတော့မလဲ။ တိုင်လို့လည်း မရဘူး။ ဘယ်သူမှလည်း အရေးယူတာလည်း မရှိဘူး” လို့ ပြောပါတယ်။
NLD လက်ထက်တုန်းက YBS ယာဉ်စီးခဟာ ၂၀၀ ကျပ်ပဲဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၄၀၀ ကျပ်အထိ တိုးမြင့်လာတာပါ။
စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ခရီးစဉ်မိုင်နှုန်းအလိုက် ကောက်ခံခွင့်ပြုထားပြီး ယာဉ်စီးခပိုတောင်းရင် တိုင်ကြားနိုင်တယ်လို့ ပြောထားပါတယ်။
လက်ရှိမှာ YBS ယာဉ်အစီးရေ ၆,ဝဝဝ ကျော်ရှိနေပြီး နေ့စဉ် ယာဉ်အစီးရေ ၃,ဝဝဝ လောက် ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။










