
YBS ကားတွေဟာ ပျက်နေတာကြောင့် ကားအပြည့်မထွက်နိုင်ဘူးလို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ကားခ ၆၀၀ ကျပ် တိုးမြှင့်ကောက်ခံမဲ့ အစီအစဥ်ကို ဖျက်သိမ်းပြီးနောက်ပိုင်း YBS ကားတွေ အရင်ကထက် ပိုရှားလာတာ ဖြစ်ပါတယ်။
ယာဥ်ပြင်ဆင်စရိတ်ကို အကြောင်းပြပြီး YBS ကားခကို တိုးကောက်ဖို့ပြင်ဆင်နေတဲ့ YRTC အနေနဲ့ လက်ရှိမှာလည်း ယာဥ်ပျက်နေတာကို အကြောင်းပြပြီး ကားတွေအပြည့်မထွက်တာလို့ သိရပါတယ်။
YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “YBS ကားတွေ ဘာလို့မထွက်လဲ အရင်ထက် ကားပိုရှားသွားတယ်ဆိုတာ သိမှာပေါ့။ ကားတွေပျက်လို့ မထွက်နိုင်ဘူး ပြောချင်တယ်” လို့ ပြောပါတယ်။
ယာဥ်ပြင်ဆင်စရိတ်တွေ မြင့်တက်နေတာကြောင့် YBS ကားခကို ၆၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ YRTC က သြဂုတ် ၁၄ ရက်နေ့မှာ ပြောခဲ့ပေမဲ့ ဝေဖန်တာတွေများခဲ့ပြီး အဲဒီကြေညာချက်ကို ပြန်ဖျက်သိမ်းတယ်လို့ သြဂုတ် ၁၆ ရက်မှာ YRTC ဘက်က ကြေညာခဲ့ပါတယ်။
ကားပြင်ဆင်စရိတ်တွေ မြင့်လာတာကြောင့် ကားခ ၆၀၀ ရမှ အဆင်ပြေမယ်လို့လည်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောခဲ့တာပါ။
အဲဒီနောက် YBS ကားတချို့မထွက်ဘဲ ရပ်နားထားတာတွေရှိတာကြောင့် ခရီးသည်တွေဟာ ယာဥ်ရှားပါးတဲ့ပြဿနာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
YBS စီးခရီးသည်တယောက်က “ကားတွေက နေ့ခင်းဘက်တောင် တော်တော်ရှားသွားတယ်။ တစီးနဲ့တစီးကို တိုးဝှေ့ပြီးစီးနေရတယ်။ အဆင်မပြေဘူး။ တမင်လုပ်တာလားတောင် မသိဘူး” လို့ ပြောပါတယ်။
YBS 10 လိုင်းရဲ့ ယာဉ်မောင်းတယောက်ကတော့ ယာဥ်တွေပျက်နေတာကြောင့် ယာဥ်အစီးရေ အပြည့်မထွက်နိုင်တာလို့ ပြောပါတယ်။
“ကားက ၂၅ စီးရှိတယ်။ ၁၀ စီးက ပျက်နေတယ်။ ၁၅ စီးပဲ ထွက်နိုင်တယ်။ အဲဒါကြောင့် ကားရှားသွားတာ။”
YRTC ဘက်က ခရီးစဥ်အစအဆုံး ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ၊ မြို့တွင်းခြောက်မြို့နယ် ပြေးဆွဲနေတဲ့ YBS 56၊ YBS 57၊ YBS 58 ကားခကို ၃၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
YRTC လက်အောက်မှာ YBS ယာဉ်အစီးရေ ၆,ဝဝဝ ကျော်ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၃,ဝဝဝ လောက် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။











