
ရန်ကုန်မြို့က YBS ယာဉ်လိုင်းတွေမှာ ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ် (YPS ကတ်) မဖြစ်မနေ တပ်ဆင်ပြေးဆွဲဖို့ စစ်အာဏာရှင်က ဖိအားပေးထားပေမဲ့ ငွေပြန်ထုတ်ပေးတဲ့အခါ အချိန်ဆွဲတာကြောင့် လုပ်ငန်းလည်ပတ်မှု အခက်တွေ့ရတယ်လို့ ပုဂ္ဂလိကယာဉ်လိုင်းတွေဆီက သိရပါတယ်။
ရန်ကုန်မြို့တွင်းနဲ့ ရွှေပြည်သာမြို့နယ်ကို ပြေးဆွဲနေတဲ့ ပုဂ္ဂလိကယာဉ်လိုင်းတခုက ယာဉ်မောင်း တယောက်က “ကျနော်တို့က ကတ်နဲ့ စီးတဲ့သူတွေကို တကယ်ဆို မတင်ချင်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကတ်ဖြတ်စီးတဲ့ ငွေကိုပြန်ထုတ်ရင် လနဲ့ချီပြီး ပြန်မရဘူး။ ခရီးသည်တွေ အပြစ်တော့မဟုတ်ဘူး။ သူတို့(YPS) ကုမ္ပဏီဘက်က ပြဿနာ။ ငွေတခါထုတ်ဖို့ လနဲ့ချီစောင့်ရတော့ ဘယ်လို လုပ်မလဲ” လို့ ပြောပါတယ်။
ဒါ့အပြင် Yangon payment services (YPS) ကုမ္ပဏီဟာ ပွင့်လင်းမြင်သာမှုအားနည်းပြီး ယာဉ်တစီးရဲ့ နေ့စဉ်ကတ်ဖြတ်စီးနင်းသူ အရေအတွက်ကို အသိပေးတာမျိုးမရှိဘူးလို့ ပုဂ္ဂလိက ယာဉ်လိုင်း ယာဉ်မောင်းတချို့က ပြောပါတယ်။
ရန်ကုန်မြို့တွင်းနဲ့ လှိုင်သာယာမြို့နယ်ကို ပြေးဆွဲနေတဲ့ ပုဂ္ဂလိကယာဉ်လိုင်းတခုက ယာဉ်မောင်း တယောက်က “သူတို့က နေ့စဉ် လူဘယ်နှဦး ကတ်ဖြတ်စီးတယ်၊ ငွေပမာဏ ဘယ်လောက်ရတယ်။ သူတို့ ဝန်ဆောင်ခနုတ်ပြီး ဘယ်လောက်ပြန်ရမယ်ဆိုတာတွေ ဘာမှမပြောဘူး။ အသိမပေးဘူး။ ငွေသွားထုတ်မှ ကိုယ် ဘယ်လောက်ရတယ်ဆိုတာ သိရတာ။ သူတို့ ပေးသလောက်ရတာပဲ။ လုံးဝ အဆင်မပြေဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ လူဦးရေသန်းနဲ့ချီဟာ ဘတ်စ်ကားကို နေ့စဉ် စီးနေကြတာဖြစ်ပြီး ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် (YRTC) ရဲ့ စီစဉ်မှုနဲ့ Yangon Bus Service (YBS) က ဘတ်စ်ကားလိုင်း ၉၀ ကျော်မှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် (YPS ကတ်) ကို အသုံးပြု နေပါတယ်။
အဝါရောင် YBS ယာဉ်လိုင်းတွေကို စစ်အာဏာရှင်ဩဇာခံ တိုင်းဒေသကြီးအာဏာပိုင်အဖွဲ့က တိုက်ရိုက်စီမံခန့်ခွဲပြီး တခြားအရောင်စုံ ယာဉ်လိုင်းတွေကတော့ ပုဂ္ဂလိကပိုင်ဆိုင်ပြီး စုပေါင်းယာဉ်လိုင်းထောင်ပြေးဆွဲကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က ယာဉ်စီးခနှုန်းထားတွေဟာ အခုအခါ စစ်တပ်အာဏာမသိမ်းခင်ကနေထက် ၂ ဆအထိ မြင့်တက်နေပြီ ဖြစ်ပါတယ်။











