
ရန်ကုန်မြို့မှာ CNG ဓာတ်ငွေ့မရရှိတာကြောင့် YBS ဘတ်စ်ကားတွေအပြည့်မထွက်နိုင်ပဲ ကားတွေ ရှားပါးလာပြီး ခရီးသည်တွေအခက်ကြုံတွေ့နေရတယ်လို့ YBS စီးခရီးသည်တွေကပြောပါတယ်။
လျှပ်စစ်မီးမရရှိတာကြောင့် YBS ကားတွေဟာ CNG ဂတ်စ်ဆိုင်တွေမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာတွေကြောင့် ယာဉ်အပြည့်မထွက်နိုင်တာလို့ သိရပါတယ်။
YBS စီးခရီးသည်တယောက်က "အခုတလော YBS ကားတွေက တော်တော်ရှားတယ်။ ရုံးသွားတဲ့အချိန်ရော၊ ရုံးဆင်းတဲ့အချိန်ရော။ နေ့ခင်းဘက်စီးရင်တောင် ကားကမရှိဘူး။ တစီးနဲ့တစီး ကို နာရီဝက် ၄၅ မိနစ်လောက်ကြာတယ်။ ကားတွေ တော်တော်ရှားသွားတယ်။ ဂတ်စ်မရလို့ ကားတွေ မထွက်နိုင်ဘူးလို့ ကားသမားတွေက ပြောတယ်" လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရက ၄ နာရီလာ ၈ နာရီပျက်စနစ်နဲ့ အလှည့်ကျ မီးဖြန့်ဖြူးပေးနေပေမဲ့ ၄ နာရီ တောင်မီးအပြည့်မလာဘူးလို့ သိရပါတယ်။
CNG ဂတ်စ်ဆိုင်တွေမှာ မီးပျက်ရင် မီးစက်နဲ့ ဂတ်စ်ကို ထည့်ပေးဖို့ မီးစက်တွေထားထားပေမဲ့ ဆီအခက်အခဲကြောင့် မမောင်းနှင်နိုင်ဘူးလို့ သိရပါတယ်။
YBS ကားအစီးရေ ၆,၀၀၀ ကျော်ရှိပေမဲ့ အမှန်တကယ်ပြေးဆွဲပေးနေတဲ့ ယာဉ်အစီးရေမှာ ၃,၀၀၀ ဝန်းကျင်သာရှိပါတယ်။











